လုပ်ပွဲကစားမှုနှင့် မည်သည့်မသမာမှုကိုမှ လုံးဝလက်ခံမည်မဟုတ်ဟု မြန်မာဘောလုံးအဖွဲ့ချုပ်ကြေညာ

လုပ်ပွဲကစားမှုနှင့် မည်သည့်မသမာမှုကိုမှ လုံးဝလက်ခံမည်မဟုတ်ဟု မြန်မာဘောလုံးအဖွဲ့ချုပ်ကြေညာ

ဇွန် ၃၀၊ ရန်ကုန်။                  ။ လုပ်ပွဲကစားမှုနှင့် မည်သည့်မသမာမှုများကိုမှ လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ ပြင်းပြင်း ထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း   ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဧရာဝတီအသင်းဖွဲ့စည်းပုံတွင် ပါဝင်သူတစ်ဦး၏ စီစဉ်မှုဖြင့် ကစားသမားအချို့ လုပ်ပွဲကစားနေသည်ဟု ဧရာဝတီယူနိုက်တက်အသင်းနှင့် ပတ်သက်နေသူတစ်ဦးမှ အသင်းတာဝန်ရှိသူများထံ သတင်းပေးတိုင်ကြားခဲ့သည်။ ယင်းအတွက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီရုံး လုပ်ငန်းအရာရှိ(COO)ထံ အသိပေးထားကြောင်း ဧရာဝတီယူနိုက်တက်အသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်ဟု မြန်မာစပါယ်ရှယ်ဂျာနယ်၌ ဖော်ပြခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သကဲ့သို့ အာရှဘောလုံးအဖွဲ့ချုပ် ဖွဲစည်းသည့်အစောဆုံးအဖွဲ့ဝင်   နိုင်ငံတစ်နိုင်ငံလည်း   ဖြစ်ကြောင်း၊ ဖီဖာနှင့် AFC တို့၏ မူဝါဒများအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း လုပ်ပွဲ (Match Fixing) လုံးဝမရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖီဖာနှင့် AFC တို့မှ Match Fixing ကင်းစင်ရေးလှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်ခြင်းတို့ကိုလည်း ပြီးခဲ့သည့်နှစ် MNL ပွဲစဉ်များတွင် ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မိမိတို့နိုင်ငံ ဂုဏ်သိက္ခာ၊ မိမိတို့ ဘောလုံးလောက အဆင့်အတန်းအား ထိခိုက်မည့် မည်သည့် မသမာမှုနှင့် လုပ်ပွဲကစားခြင်းမျိုးကိုမဆို လုံး၀ (လုံးဝ) လက်ခံမည် မဟုတ်ကြောင်း ပါရှိသည်။

ထို့အပြင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင်သာမက မည်သည့်ဘောလုံးပြိုင်ပွဲနှင့် မည်သည့် ပွဲစဉ်မျိုးတွင်မဆို လုပ်ပွဲနှင့်မသမာမှုများ ပေါ်ပေါက်လာပါက စနစ်တကျစုံစမ်းအရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖီဖာ၊ AFC နှင့်အခြား သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ ၊ တာဝန်ရှိသူများပါဝင်မည့် အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်အား အမြန်ဆုံးဖွဲ့စည်းသွားမည်ဖြစ်ပြီး သံသယ ဖြစ်ဖွယ်ရှိသည့် မည်သည့်ပွဲစဉ်မျိုးကိုမဆို စနစ်တကျစုံစမ်း၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူ အပြစ်ပေး သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးပြီး ဘောလုံးလောက မသမာသူများအား ရာသက်ပန် ပိတ်ပင်ခြင်းများ၊ တရားရုံးများတွင် တရားစွဲဆို အပြစ်ပေးခြင်းများ ဆောင်ရွက်နေကြသည်ကိုလည်း ဥပမာ သာဓက များရှိနေပြီးဖြစ်ကြောင်းနှင့် မသမာမှုများနှင့် သံသယဖြစ်ဖွယ်များတွေ့ရှိပါကလည်း သတင်းအချက်အလက်များ သက်သေများ စုံစမ်းစစ်ဆေးရေးကော်မတီသို့လည်းကောင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့လည်းကောင်းပေးပို့ ကူညီ ပေးကြပါရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်လည်း ဖိတ်ခေါ်ကြောင်း ရေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly