ကျောက်ထုတ်လုပ်ခွင့် လိုင်စင်မရှိသော ကုမ္ပဏီ (၃)ခု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရပ်နားခိုင်းထား

ကျောက်ထုတ်လုပ်ခွင့် လိုင်စင်မရှိသော ကုမ္ပဏီ (၃)ခု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရပ်နားခိုင်းထား
ကျောက်ထုတ်လုပ်နေမှုကို မြင်တွေ့ရစဉ်။ (ဓါတ်ပုံ-ဒေသခံတစ်ဦး)

မုံရွာ၊ ဇွန် ၂၉။                  ။ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာအနီးရှိ ကျောက်ထုတ်လုပ်နေသော ကုမ္ပဏီ (၃)ခုသည် ထုတ်လုပ်ခွင့်လိုင်စင် မရှိသည့်အတွက် လက်တလောထုတ်လုပ်ခြင်းအား ရပ်နားထားရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က ရပ်နားခိုင်းထားကြောင်း သတင်းရရှိသည်။

ယင်းမာပင်မြို့နယ် တောင်ပုလုကျေးရွာ အုပ်စု တရော်ကျင်းကျေးရွာအနီးတွင် ရှိသည့်တောင်(၂)လုံးမှ လိုင်စင်မရှိပဲ ကျောက်ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

"ကျောက်ထုတ်လုပ်ခွင့်လိုင်စင်ပြပါ ဆိုတော့ မပြနိုင်ဘူး၊ ဒါ့ကြောင့် ကျောက်ထုတာ ရပ်နားထားဖို့ပြောခဲ့တာပါ၊ နောက်ပြီး ကျောက်ထုတ်လုပ်နေတာဟာ ရွာနဲ့အလွန် နီးကပ်နေပါတယ်၊   ကျောက်မိုင်းခွဲသံတွေနဲ့ မိုင်းခွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေ ဟာ ရွာကိုထိခိုက်စေပါတယ်၊" ဟု တရော်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေငြိမ်း ကပြောသည်။

ယင်းကြောင့် ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းအား ဆက်သွယ်မေးမြန်းရာ "ထုတ်လုပ်ခွင့်လိုင်စင်က မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်၊ ဓါတ်သတ္ထုခွန် လို့ ခေါ်တဲ့အခွန်ကို ဒီနှစ်အတွက် မသွင်းသေးလို့ ရပ်နားခိုင်းတာပါ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးပြီးတော့မှ ပြန်လည်ထုတ်လုပ်ခွင့်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်၊" ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ကျောက်ထုတ်လုပ်ခြင်းများမှာ မြတောက်တောင် နှင့် တောင်ဆုံတောင် နှစ်လုံးတွင် ကျောက်ထုတ်လုပ်နေခြင်း ဖြစ်ပြီး တောင်ဆုံတောင်ခြေတွင် ကျေးရွာတည်ရှိသောကြောင့် မိုင်းခွဲမှုများပြုလုပ်ပါက ကျေးရွာရှိရေတွင်းရေကန်များ အက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်နားခိုင်းခဲ့သော ကုမ္ပဏီ (၃) ခုမှာ ချင်းတွင်းနဂါးကုမ္ပဏီ၊ စိုးကြည်အောင်ကုမ္ပဏီ၊ မုံရွာဆောက်လုပ်ရေးကုမ္ပဏီ တို့ဖြစ်ပြီး ၂၀၁၃-၂၀၁၄ မှစတင်၍ ကျောက်ထုတ်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly