ကြောင်အိမ်ဗီရိုဟောင်းထဲကနေ တွေ့ရှိခဲ့သော ဒေါ်လာ ၁၆၆,၀၀၀ ကို သက်ဆိုင်ရာသို့ အပ်နှံခဲ့သည့် ဆီးရီးယား ဒုက္ခသည်အမျိုးသား

ကြောင်အိမ်ဗီရိုဟောင်းထဲကနေ တွေ့ရှိခဲ့သော ဒေါ်လာ ၁၆၆,၀၀၀ ကို သက်ဆိုင်ရာသို့ အပ်နှံခဲ့သည့် ဆီးရီးယား ဒုက္ခသည်အမျိုးသား

ဇွန် ၂၉ ။            ။ ဂျာမနီ နိုင်ငံတွင် ဒုက္ခသည်အဖြစ် ရောက်ရှိနေခဲ့သော ဆီးရီးယားလူငယ်တစ်ဦးသည် ပရဟိတအဖွဲ့တစ်ခုထံမှ ရရှိထားသည့် ကြောင်အိမ်ဗီရိုဟောင်းတစ်လုံးထဲမှ ဒေါ်လာ ၁၆၆,၀၀၀ ကျော်ကို ရှာတွေ့ခဲ့ပြီးနောက် ယင်းငွေကြေးများကို သက်ဆိုင်ရာသို့ သွားရောက်အပ်နှံခဲ့သည်ဟု သိရသည်။

အသက် ၂၅ နှစ် ရှိ အမည်ဖော်ပြသွားခြင်းမရှိသော အဆိုပါ ဆီးရီးယားလူငယ်သည် ယမန်နှစ်ကတည်းက ဂျာမနီ နိုင်ငံတွင် ဒုက္ခသည်အဖြစ် လာရောက်နေထိုင်နေခဲ့ခြင်းဖြစ်ကာ အထက်ပါ ကြောင်အိမ်ဗီရိုကို ပရိဟိတအဖွဲ့အစည်းတစ်ခုထံမှ တောင်းယူရရှိထားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဗီရို၏ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်တပ်ဆင်ခြင်းများလုပ်ဆောင်ခဲ့ရာတွင် ဘုတ်ပြားတစ်ချပ်အောက်တွင် ဝှက်ကာသိမ်းဆည်းထားသည့် ငွေသား ယူရို ၅၀,၀၀၀ နှင့် အတူ ယူရို ၁၀၀,၀၀၀ ကျော်ပါရှိသည့် ငွေစုစာအုပ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတွေ့ရှိခဲ့သည့် ပမာဏစုစုပေါင်းမှာ ယူရို ငွေ ၁၅၀,၀၀၀ ( ဒေါ်လာ ၁၆၆,၀၉၅) ဖြစ်သည်။

ယင်းနောက်ပိုင်း အဆိုပါဆီးရီးယားအမျိုးသားသည် ယင်းငွေကြေးများကို ကိုယ်ကျိုးအတွက် အသုံးမချဘဲ သက်ဆိုင်ရာသို့ တာဝန်သိစွာ ချက်ချင်းသွားရောက်အပ်နှံခဲ့သည်ဟု ဂျာမနီ ရဲများက ပြောကြားသွားသည်။

" ဒီမှာက အရင်ကလည်း သူ့လိုမျိုး မထင်မှတ်ဘဲ ငွေတွေရှာတွေ့လို့ လာပြီးအပ်တာမျိုးက ပုံမှန်လိုဖြစ်နေကြပါ၊ ဒါပေမယ့် ခုလောက်တော့ မများခဲ့ပါဘူး၊ သူ့စိတ်ဓါတ်ကတော့ တကယ့် ချီးကျူးစရာကောင်းပါတယ်" ဟု ဂျာမနီ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားသွားသည်။

အဆိုပါ အမျိုးသားသည် ယမန်နှစ် အောက်တိုဘာလကတည်းက ဂျာမနီ သို့ ဒုက္ခသည်အဖြစ်လာရောက်ခိုလှုံနေသူဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly