ဇွန် ၂၈ ။ ။ လက်ရှိ ကမ္ဘာ့ နိုင်ငံများအနေဖြင့် ဆင်းရဲနွမ်းပါးလွန်းလှသော ကလေးငယ်တိုင်းအား အကူအညီပေးရေးအပိုင်းတွင် အထူးအလေးပေး လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာ အေဂျင်စီဖြစ်သည့် ယူနီဆက်ဖ်က ပြောကြားသွားသည်။
ဆက်လက်၍ ပြီးခဲ့သည့် ၂၅ နှစ်တာအတွင်း ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိအောင် လုပ်ဆောင်ထားနိုင်သည်ဟု ယင်းအဖွဲ့ကြီးက ထုတ်ပြန်ပြောကြားသွားသည်။
၁၉၉၀ ပြည့်နှစ်လွန်ကာလများ၌ မွေးကင်းစ ကလေးများ သေဆုံးမှုပိုင်းတွင် ၅၃ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်းနှင့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုများကို သိသိသာသာ လျှော့ချထားနိုင်ခဲ့ကြောင်း ယူနီဆက်ဖ်အဖွဲ့က ယင်း၏ နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ရေးသားဖော်ပြထားသည်။
တစ်ဘက်တွင်လည်း ကလေးငယ်များအရေး အထူးအလေးပေးဆောင်ရွက်သွားခြင်းမရှိပါက ၆၉ သန်းသော ငါးနှစ်အောက် ကလေးငယ်များမှာ ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများကြောင့်ပင် သေဆုံးရဖွယ်ရှိကြောင်း နှင့် ကလေးငယ် ၁၆၇ သန်းမှာ နောင်လာမည့် ၁၅ နှစ်အတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယင်းအဖွဲ့ကြီးက သတိပေးသွားသည်။
အလားတူ ကြိုတင်အလေးထားဆောင်ရွက်မှုများမရှိပါက အမျိုးသမီး သန်း ၇၅၀ ခန့်သည် လာမည့် ၂၀၃၀ မတိုင်ခင် အသက်မပြည့်ဘဲ လက်ထပ်ထားကြရသူများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟုလည်း သတိပေးထားခဲ့သည်။
" ကလေးသူငယ် စောင့်ရှောက်ကာကွယ်မှုပိုင်းနဲ့ ပတ်သက်လို့ သိသာတဲ့ တိုးတက်မှုတွေ တွေ့ထားရပါတယ်၊ ဒါပေမယ့်လည်း ဒီအပိုင်းက ပိုပြီးတော့ လက်လှမ်းမီတဲ့ အနီးအနားက ကလေးငယ်အများစု အပေါ်မှာပဲ အာရုံစိုက်လုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်" ဟု ယူနီဆက်ဖ်၏ အမှုဆောင်အရာရှိ ဂျက်စတင် ဖော်ဆစ်က ပြောသွားသည်။