မလေးရောက်မြန်မာ တရားမဝင်အလုပ်သမား ၁၇၀၀ ကျော်ကို နှစ်လအတွင်း တရားဝင်ဖြစ်ခွင့် အတွက် ဝန်ဆောင်မှုပေးမည်

မလေးရောက်မြန်မာ တရားမဝင်အလုပ်သမား ၁၇၀၀ ကျော်ကို နှစ်လအတွင်း တရားဝင်ဖြစ်ခွင့် အတွက် ဝန်ဆောင်မှုပေးမည်
(ဓာတ်ပုံ ခင်မြတ်မြတ်ဝေ-မဇ္ဈိမ)

ရန်ကုန်၊ ဇွန် ၂၇ ။                ။ မလေးရှားနိုင်ငံရောက် တရားမဝင် (OVER STAY) အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် ဝန်ဆောင်မှုပေးနေရာ ကျန်ရှိသည့် အလုပ်သမား ၁၇၀၀ကျော်ကို နှစ်လအတွင်း အပြီးဆောင်ရွက်ပေးမည်ဟု Diamond  Place service  ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသိန်းသန်းက ပြောသည်။

မြန်မာ၊ မလေးရှားနှစ်နိုင်ငံ အစိုးရသဘောတူညီချက်အရ မလေးရောက် တရားမဝင် အလုပ်သမားများကို တရားဝင်ဖြစ်စေရေးအတွက် Diamond Place Service ကုမ္ပဏီမှ အကောင်ထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၆ ရက်က  PARK ROYAL ဟိုတယ်၌ ကျင်းပခဲ့သည်။

အလုပ်သမားများအတွက် ဝန်ဆောင်မှုကို ကုမ္ပဏီက ဇူလိုင် ၂၉ရက် နောက်ဆုံးထား ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ရှိသူ ၁၇၀၀ ကျော်ကို Work Permit ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဦးသိန်းသန်းက ပြောသည်။

မလေးရှားတွင် Work Permit မရသေးသူများထဲမှ တရားဝင်ဖြစ်စေရန် လာရောက်လျောက်ထားသူ ၆၀၀၀ကျော်ရှိပြီး ထိုအထဲမှ မလေးရှားနိုင်ငံက အလုပ်လုပ်ခွင့် ထုတ်ပေးသူ ၄၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကျန်ရှိသူမှာ ၁၇၀၀၀ကျော်သာ ကျန်တော့သည်။

လျှောက်ထားသူ အလုပ်သမားများဘက်မှ မလေးရှားနိုင်ငံက သတ်မှတ်ထားသည့် အချက်များကို ပြည့်စုံမှု မရှိပါက ၁၄ရက်အတွင်း မြန်မာပြည်သို့ ပြန်လည်စေလွှတ်ခြင်း ခံရမည်ဟု သိရသည်။

ယင်းဝန်ဆောင်မှု နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝင်းထွန်းက “ကျွန်တော်တို့က အေဂျင်စီနဲ့ချိတ်ပြီး တရားဝင်သွားလုပ်ရင် အလုပ်ပြောင်းချင်ရင် အေဂျင်စီက ခွင့်ပြုမှ ပြောင်းလို့ရတဲ့ သဘောရှိတယ်။ တရားမဝင်ဆို အလုပ်ကို ပိုက်ဆံပိုပေးရင် စက်ရုံဆိုလည်း ပြောင်းလို့ရတယ်။ အခုသူတို့ ဝန်ဆောင်မှုပေးတယ်ဆိုတာက မလေးရှား အစိုးရကို အခွန်ဆောင်ရတာက များသွားတယ်။ အခွန်ကြောင့်လေ။ ကျွန်တော်တို့ လစာနဲ့ပေးရမှာက များတယ်။ အဲတော့ သွားမလုပ်ဖြစ်တော့ဘူး။ သူတို့ သတ်မှတ်ချက်မပြည့်ရင် ပြန်ရမှာနဲ့  ပိုက်ဆံမရှိလို့ တရားမဝင် လုပ်ပါတယ်။ အဲလောက် ပေးရမယ်ဆိုတော့ အဆင်မပြေဘူး”ဟု ပြောသည်။

ယင်းအစီအစဉ်ကို မလေးရှားအစိုးရက ၂၀၁၃ မတ်လတွင် အစိုးရအချင်းချင်း စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ဇူလိုင်လတွင် အစိုးရနှစ်ခုကြား တရားဝင်ဆွေးနွေးခဲ့ကာ စက်တင်ဘာလတွင် မလေးရှားရှိ အထောက်အထားမရှိ နေထိုင်နေသည့် တရားမဝင် အလုပ်သမားများအရေး ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူခဲ့သည်။

ယင်း ဝန်ဆောင်မှုလျောက်ထားလိုသူသည် အဆင့်လေးဆင့် ပြုလုပ်ရမည်ဖြစ်ပြီး မလေးရှား ရင်းဂစ် ၄၀၀၀နီးပါး (မြန်မာငွေ ၁၂သိန်းနီးပါး) ကုန်ကျမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် ကုမ္ပဏီအတွက် ဝန်ဆောင်ခ ကျပ်နှစ်သိန်း ပေးရမည်ဟုလည်း Diamond  Place service  ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသိန်းသန်းက ပြောသည်။

Work Permit ရရှိသူသည် မလေးတွင် တရားဝင် ငါးနှစ် နေထိုင်ကာ အလုပ်လုပ်ခွင့် ရရှိမည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင်  တရားဝင် မြန်မာနိုင်ငံသား ၁ သိန်း ၅ သောင်း ဝန်းကျင်ရှိပြီး တရားမဝင် အလုပ်သမားမှာ သိန်းချီရှိကြောင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံသားများလည်း ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly