မီဒီယာ ပြဿနာများကို သတင်းမီဒီယာကောင်စီမှတစ်ဆင့်သာ ဖြေရှင်းရန် ကုလ အထူးကိုယ်စားလှယ်မှ တဆင့် တပ်မတော်ကို တင်ပြ

မီဒီယာ ပြဿနာများကို သတင်းမီဒီယာကောင်စီမှတစ်ဆင့်သာ ဖြေရှင်းရန် ကုလ အထူးကိုယ်စားလှယ်မှ တဆင့် တပ်မတော်ကို တင်ပြ
(ဓာတ်ပုံ- မျိုးသူအောင်/မဇ္ဈိမ)

သတင်းမီဒီယာများနှင့် ပတ်သက်သည့် ပြဿနာများကို တိုက်ရိုက်တရားစွဲဆိုခြင်း၊ ထောင်ချခြင်းမျိုး ပြုလုပ်နေသဖြင့် သတင်းမီဒီယာကောင်စီမှတဆင့် ဖြေရှင်းပေးရန် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက တဆင့် တပ်မတော်ထံ သတင်းစကားပါးလိုက်သည်။

မစ္စယန်ဟီးလီ နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဇွန်လ ၂၇ရက်က ရန်ကုန်မြို့ ၃၅(အလယ်)ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးခန်းတွင် တွေ့ဆုံရာ၌ ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး ကိုကျော်စွာမင်းက တင်ပြခဲ့ခြင်းဖြစ်သည်။

"အစိုးရဘက်ကော ကျန်တဲ့အဖွဲ့အစည်းတွေကကော မီဒီယာကို တိုက်ရိုက်မတိုင်ကြဖို့နဲ့ ကျွန်တော်တို့ သတင်းမီဒီယာကောင်စီကတဆင့် ဖြတ်သန်းပေးပါဆိုပြီးတော့ တဆင့်ပေါ့နော် ကျွန်တော်တို့ ပန်ကြားလိုက်တာရှိပါတယ်"ဟု ကိုကျော်စွာမင်းက ပြောသည်။

မစ္စ ယန်ဟီးလီ အနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူခွင့် ခွဲခြားဆက်ဆံခံရမှုများ၊ သတင်းမီဒီယာဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက BBCသတင်းဌာန၏ မန္တလေးသတင်းထောက် ကိုနေမျိုးလင်း အားရဲတပ်ဖွဲ့မှ တရားစွဲဆိုထောင်ချခဲ့ခြင်းနှင့် ဇွန်လ ၂၅ရက်နေ့က 7 Day  သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်းထောက် ကိုမင်းဟိန်းကျော်တို့ကို တပ်မတော်က ပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆို ခဲ့သည့် ကိစ္စတို့နှင့် ပတ်သက်၍လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မေးမြန်းခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

"အဓိကတော့ 7 Day နဲ့ BBC ကိစ္စကို မေးတယ်။ ကျွန်တော်လည်း ကျွန်တော် သိသလောက် ပြောပြ ရှင်းပြ လိုက်တယ်"ဟု ဦးသီဟစောက ပြောသည်။

ကုလသမဂ္ဂ လူ့ခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇွန်လ ၂၇ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန်ထောင်နှင့် လူ့အခွင့်ရေးကော်မရှင်ရုံးသို့ သွားရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly