ထိုင်းရောက် မြန်မာလုပ်သားများအရေးလှုပ်ရှားသည့် အဖွဲ့များအား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကာ အလုပ်သမားများအား ကူညီစောင့်ရှောက်ရန် မှာကြား

ထိုင်းရောက် မြန်မာလုပ်သားများအရေးလှုပ်ရှားသည့် အဖွဲ့များအား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကာ အလုပ်သမားများအား ကူညီစောင့်ရှောက်ရန် မှာကြား

မြိတ်၊ ဇွန်- ၂၆ ။             ။ ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေကိုလေးစားလိုက်နာရန်လိုအပ်ပြီး ဥပဒေချိုးဖောက်ခဲ့သည့်တိုင် ပစ်ပယ်မထားဘဲ ကူညီစောင့်ရှောက်ကာ မိမိတို့ အစိုးရတစ်ရပ်အနေဖြင့် တာဝန်ယူသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြောသည်။

ထိုင်းရောက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးနယ်မြေခံ NGOs အဖွဲ့(၁၃)ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိုင်းနိုင်ငံသံရုံး၌ တွေ့ဆုံစဉ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း NCCM. AMT (National Catholic Commission on  Migration).(Aid for Migrants in Thiland)အဖွဲ့၏ အဖွဲ့ဝင် ဒေါ်မီလင်းဖြူက မဇ္ဈိမကို ပြောသည်။

"အဓိကမှာသွားတာကတော့ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ မှားခဲ့ရင်တောင်မှ ပစ်ပယ်မထားဖို့၊ ကူညီ စောင့်ရှောက် ဖို့ပေါ့။ ဥပဒေနဲ့ပတ်သက်လာရင် တကယ်ဥပဒေချိုးဖောက်ခဲ့ရင်တောင်မှ ကိုယ့်နိုင်ငံသားတွေကို မပစ်ပယ်ထားရဘူး လို့မှာတယ်။ အစိုးရတစ်ရပ်အနေနဲ့လည်း ဒါကိုတာဝန်ယူမယ်။ တတ်နိုင်သလောက်လည်းကူညီမယ်လို့ပြောသွားတယ်” ဟု၎င်း က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ခြုံငုံသုံးသပ်မည်ဆိုပါက ထိုင်းနိုင်ငံရောက် အလုပ်သမားများအတွက် အားတက်စရာအခြေအနေတစ်ရပ်ဖြစ်ခဲ့သည်ဟု ထိုင်းနိုင်ငံတွင် (၅)နှစ်ကြာ NGOs လုပ်ငန်းများလုပ်ကိုင်လျက်ရှိသူ ဒေါ်မီလင်းဖြူက သုံးသပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး နယ်မြေခံ NGOs အဖွဲ့မှ ကိုယ်စားလှယ်များက ထိုင်းရောက်မြန် မာအလုပ်သမားများ၏ အခက်အခဲများကို တင်ပြခဲ့ကြောင်းသိရသည်။

NGOs အဖွဲ့များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ မရောက်မီအချိန်ကတည်းက သီးသန့်တွေ့ဆုံရရန် ထိုင်းသံရုံးနှင့် ညှိနှိုင်းမှုများပြုလုပ်ထားခဲ့သော်လည်း စီစဉ်ထားသည့်အတိုင်း တွေ့ဆုံခွင့်မရခဲ့ဘဲ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်က ၎င်းတို့ NGOs အဖွဲ့များနှင့်တွေ့ဆုံရန် ထိုင်းသံရုံးထံ တောင်းဆိုခဲ့၍သာ ယခုကဲ့သို့တွေ့ ဆုံခွင့်ရခဲ့သည်ဟုသိရသည်။

ထိုင်းရောက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးနယ်မြေခံ NGOs အဖွဲ့များနှင့် တွေ့ဆုံစဉ်ေ ဒါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်
" ဒီလိုအလုပ်ရုံဆွေးနွေးပွဲတွေ ပုံမှန်ဖြစ်နိုင်အောင်လို့ပေါ့။ အလုပ်သမားဝန်ကြီးနဲ့လည်း တိုင်ပင်ပါမယ်။ တိုင်ပင်ပြီးတော့ ဖြစ်အောင်လုပ်ပေးပါ့မယ်။ ကျွန်မတို့ပြောထားပြီးပါပြီ။ အလုပ်သမားရေးရာဝန်ကြီးရော၊ သံရုံးတွေရော ။အဓိကတာဝန်ကတော့ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ ကာကွယ်စောင့်ရှောက်ဖို့ ။ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ မှားလို့ရှိရင်တောင်မှ မပစ်ပယ်ထားရဘူး။ ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှိရင် တကယ်ဥပဒေချိုးဖောက်လို့ရှိရင်တောင်မှ ကိုယ့်နိုင်ငံသားတွေကို မပစ်ပယ်ထားရဘူး။ ကိုယ်ကနေပြီးတော့ စောင့်ရှောက်ရမယ်။ ပေးသင့်ပေးထိုက်တဲ့အကူအညီအားလုံးကိုပေးရမယ်။ ဘယ်တော့မှ မပစ်ပယ်ထားရဘူး။ ဒါဟာငါတို့နဲ့ မဆိုင်ဘူးလို့ ပြောစရာမရှိဘူး။ဆိုင်ကိုဆိုင်တယ်။ ဆိုင်လို့ကို တာဝန်ယူရမှာ။ တာဝန်ယူပေမယ့်လည်း အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကိုလေးစားပြီးတော့မှ တာဝန်ယူရမှာ။ ကိုယ့်နိုင်ငံမဟုတ်ဘဲနဲ့ ငါတို့လုပ်ချင်သလိုလုပ်မယ် လို့ပြောလို့မရဘူး။ ကိုယ့်နိုင်ငံမှာတောင် ကိုယ်လုပ်ချင်သလိုလုပ်လို့မရဘူး။ တရားဥပဒေဘောင်အတွင်းကပဲလှုပ်ရှားလို့ရမယ်။ တကယ့်ကိုအလုပ်သမားတွေအတွက် စေတနာသန့်သန့်နဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးတင်ပါတယ်။ နောက်ဆုံးမှာ အစိုးရက တာဝန်ယူရမှာပါ။ အစိုးရလုပ်နေမှတော့ ငါတို့နဲ့မဆိုင်ဘူးလို့ပြောလို့မရဘူး။ မဆိုင်ချင်ရင်အစိုးရမလုပ်ရုံပဲပေါ့။ ဒါကြောင့် ကျွန်မတို့ တာဝန်ယူပါမယ်။ တတ်နိုင်သလောက်ကူညီပါမယ်။ နေ့ချင်းညချင်းတော့ ကျွန်မတို့ပြောင်းလဲလို့မရနိုင်ပါဘူး။အားလုံးကလည်းကျွန်မတို့နဲ့အတူ ပံ့ပိုးကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly