မြေငှားစာချုပ်ဖြင့် မြေငှားရမ်းရန် လက်ပံတောင်းတောင် ဒေသခံများ စိတ်ဝင်စား

မြေငှားစာချုပ်ဖြင့် မြေငှားရမ်းရန် လက်ပံတောင်းတောင် ဒေသခံများ စိတ်ဝင်စား

မုံရွာ၊ ဇွန် ၂၅၊ ။               ။ မြန်မာဝမ်ပေါင် ကုမ္ပဏီအား မြေငှားရမ်းစာချုပ်ဖြင့် မြေငှားရန်အတွက် ကူညီပေးရန် ယင်းမာပင်ခရိုင် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ထံသို့ ဇွန် ၂၄ ရက်က စာပို့တောင်းဆိုခဲ့ကြကြောင်း လက်ပံတောင်း တောင် ဒေသခံများက ပြောသည်။ 

လျော်ကြေးယူမထားသည့် လယ်ယာမြေများကို စီမံကိန်းဧရိယာအတွင်း ပါဝင်သည်ဟုဆိုကာ ခြံစည်းရိုး ခတ်ထားသည့်အတွက် တစ်နှစ်စာ သီးနှံလျော်ကြေးပေးရန်နှင့် မြေငှားစာချုပ်ပြုလုပ်ရန် ယခုလို စီစဉ်ခဲ့ကြခြင်း ဖြစ် သည်။ 

"ဒေသခံတောင်သူတွေရဲ့ သဘောတူညီချက် မပါပဲ လယ်ယာမြေတွေကို အဓမ္မခြံစည်းရိုး ခတ် သိမ်းယူ ခဲ့ကြ တယ်၊သီးနှံစိုက်ပျိုးခွင့် ဆုံးရှုံး ခဲ့လို့ သီးနှံလျော်ကြေးရယူလိုတယ်၊ ဒါ့အပြင် လျော်ကြေး မယူတဲ့ လယ်ယာမြေ တွေအတွက် မြေငှားစာချုပ်လုပ်ပြီးတော့ မြေငှားချင်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက အကျိုးဆောင် ပေးဖို့ အကူညီတောင်းခဲ့တာပါ" ဟု တုံကျေးရွာဒေသခံ ကိုမင်းမင်းက ပြောသည်။ 

ယင်းကိစ္စ ကူညီဆောင်ရွက်ပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များထံသို့ လက်ပံတောင်းတောင်ဒေသ တောင် ဘက်ခြမ်း ကျေးရွာ ၁၃ ရွာမှ တောင်သူများ စုပေါင်းတောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 

"ဒေသခံတွေနဲ့ NLD ရုံးမှာတွေ့ခဲ့ပါတယ်၊ ကာယကံရှင်တွေကလည်း ပါဝင်ဆွေးနွေးကြ တယ်၊ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို သေသေချာချာပြုစုမယ်၊ မှတ်တမ်းတင်မယ်၊ ြင်္ပးရင်လွှတ်တော်ကိုတင်ပြပေးသွားမှာပါ၊ အသေးစိတ်မလေ့လာရသေးပါဘုး၊ တကယ်ရသင့်ရထိုက်တဲ့လူတွေရအောင်၊ လျော်ကြေးဆိုရင်လဲ ပေးရမယ့်ကိစ္စ ပေးရအောင်၊ လုပ်ပေးသွားမှာပါ" ဟု ယင်းမာပင်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က  ပြောသည်။ 

ဒေသခံတွေအနေဖြင့် မိမိလယ်ယာမြေကို မစွန့်လွှတ်နိုင်သည့်အတွက် မြေယာလျော်ကြေးယူမည်မဟုတ်ပဲ သီးနှံလျော်ကြေးကိုသာ ယူမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

"စီမံကိန်းလုပ်ဆောင်ပြီးသွားခဲ့ရင်လဲ ဒေသခံတွေအနေနဲ့ ကိုယ့်လယ်မြေကို ပိုင်ဆိုင်ချင်တယ်၊ ဒါ့ကြောင့် မြေငှားဂရမ်နဲ့ စာချုပ်လုပ်ဖို့ ကူညီတောင်းခဲ့တာပါ၊ကုမ္မဏီနဲ့ ဒေသခံတွေကြားထဲမှာ ဝင်ရောက်အကူအညီ ပေးဖို့ပါ"ဟု တုံကျေးရွာဒေသခံ ဒေါ်မာချိုကပြောသည်။ 

လက်ပံတောင်းတောင်ဒေသရှိ လျော်ကြေးယူမထားသည့် လယ်ယာမြေများကို စီမံကိန်းဧရိယာအတွင်း ပါဝင်သည်ဟုဆိုကာ ၂၀၁၄ ဒီဇင်ဘာ က ခြံစည်းရိုးအဓမ္မခတ်ခဲ့သည့်အတွက် လုံခြုံရေး ရဲဝန်ထမ်းများနှင့် ဒေသခံတို့အကြားအခြေအနေတင်းမာကာ ဒေသခံတောင်သူတစ်ဦး သေနတ်ထိမှန် အသက်ဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly