သူရဲသမိန်ကျေးရွာတွင် ရဲလုံခြံုရေး ၁၀၀ ထပ်မံချထား

သူရဲသမိန်ကျေးရွာတွင် ရဲလုံခြံုရေး ၁၀၀ ထပ်မံချထား

ရန်ကုန်၊ ဇွန် ၂၅ ။            ။ ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် မေ ၂၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွာခဲ့သည့် နေရာ၌ ရဲလုံခြုံရေး ဝန်ထမ်းအယောက် ၁၀၀ ထပ်မံတိုးမြှင့်ချထားသည်ဟု ပဲခူးတိုင်း ဒုရဲမှူးကြီး လှဦးက မဇ္ဈိမကို ပြော သည်။
 
 “အခုကတော့ အခြေအနေ တည်ငြိမ်အေးချမ်းနေတယ်။ လုံခြုံရေးအနေနဲ့ ပထမကရဲအင်းအား ၅၀ ချထားတယ် အခု နောက်ထပ် လုံခြုံရေး အယောက် ၁၀၀ အခုပဲထပ်ပို့ထားတယ် စိုးရိမ်ရလို့တော့ မဟုတ်ဘူး၊ ရွာသူရွာသား လုံခြုံမှု ရှိအောင်လုပ်တာပါ၊ ဖေ့ဘွတ် စာမျက်နှာတွေက သတင်းက အမှန်မဟုတ်ပါဘူး။ တစ်လွဲတွေ ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။
 
ခိုက်ရန် ဖြစ်ပွားမှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို လက်ရှိအချိန်တွင် အမှုဖွင့်ထားခြင်းမရှိသေးပဲ ဆက်လက်စုံစစ်းဆေးမှုများပြုလုပ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
 
အဆိုပါကျေးရွာတွင် ဇွန်လ ၂၃ရက်နေ့က  ဗုဒ္စဘာသာဝင်တစ်ဦးနှင့် အစ္စလာမ် ဘာသာဝင်တို့ စကားများ ရာမှ ဗလီ အဆောက်အအုံနှင့် အိမ်ခြေ ၊ ဂိုဒေါင်အဆောက်အအုံအချို့ ဖျက်စီးခံခဲ့ရသည်။
 
သူရဲသမိန်ကျေးရွာမှ ရွာသူ၊ ရွာသား ၂၀၀ ခန့်သည် ဇွန် ၂၃ရက် ညနေ ၃ နာရီခွဲခန့်တွင် ယင်းကျေးရွာရှိ ဘာသာရေးအဆောက်အအုံနှင့် အနီးရှိ နေအိမ်ပစ္စည်းများအား ဝင်ရောက်ဖျက်ဆီးခဲ့သည့်အတွက် အခင်း ဖြစ်ပွားရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသွားရောက် ညှိနှိုင်းဖြေရှင်းပေးကာ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly