ထိုင်းဘုရင်ဟောင်း အုတ်ဂူ ပြုပြင်ထိန်းသိမ်းမှုစီမံကိန်း ပိတ်ပင်ရခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာရှင်းလင်း

ထိုင်းဘုရင်ဟောင်း အုတ်ဂူ ပြုပြင်ထိန်းသိမ်းမှုစီမံကိန်း ပိတ်ပင်ရခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာရှင်းလင်း
(ဓာတ်ပုံ- ဘိုဘို/ မဇ္ဈိမ)

မန္တလေးမြို့ အမရပူရမြို့နယ် လင်းဇင်းကုန်းတွင် ပြုလုပ်နေသော သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သည့်  ဥဒုမ္ပရယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့က အယုဒ္ဓယဘုရင်ဟောင်း ရဟန်းတော်ကြီး အရှင်ဥဒုမ္ပရမထေရ်၏ ရှေးဟောင်းစေတီတော်များ ပြုပြင်ထိန်းသိမ်းခြင်းစီမံကိန်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တားမြစ်ဆိုင်းဘုတ်များစိုက်ထူကာ စီမံကိန်းဧရိယာကို သော့ခတ်ပိတ်ထားသည်နှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မည်သည့်အတွက်ကြောင့်  ပိတ်ပင်တားမြစ်ခဲ့ရသည်ကို မီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။

၎င်းသတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် လင်းဇင်းကုန်းရှိ ပြုပြင်ထိန်းသိမ်းခြင်း စီမံကိန်းကို စီစစ်ရန် ဖွဲ့စည်းလိုက်သောစီစစ်ရေးအဖွဲ့ဝင်များပါတက်ရောက်ရှင်းလင်းခဲ့သည်။ ယခုကိစ္စမှာ "ယခင်အစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီး ဦးရဲမြင့် လက်ထက်ကတည်းက ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် သာသနာရေးဝန်ကြီးဌာန ကိုတင်ထားကာ ဒီဌာန ၃ ခုကပြန်လာတဲ့ အဖြေအပေါ်မူတည်ပြီး ဆက်လုပ်မယ်" ဟု ဒေါက်တာဇော်မြင့်မောင်မှ ပြောသည်။

၎င်းနောက် စီစစ်ရေးအဖွဲ့ဝင်များမှ ရှင်းလင်းရာတွင် " ယခုလိုတားဆီးတာဟာ ရှေးဟောင်းဝတ္ထုပစ္စည်းအက်ဥပဒေ၊ရှေးဟောင်းအထိမ်းအမှတ်အဆောက်အဦ ကာကွယ်ထိမ်းသိမ်းခြင်း ဥပဒေများကိုပါ ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့အပြင် ဆက်လက်လုပ်ဆောင်မှုများရှိနေခြင်းကြောင့် " ဟု ဦးညိုမြင့်ထွန်း(ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး)က ပြောကြားသည်။

စီစစ်ရေးအဖွဲ့ဝင် ဒေါက်တာတင်နိုင်ဝင်း(မန္တလေးတက္ကသိုလ် သမိုင်းဌာန တွဲဖက်ပါမောက္ခ) က " အမရပူရမှာ မြန်မာဘုရင်ကြီး (၃)ပါး အရိုးအိုးရှိတယ်။ ထိုင်းဘုရင်ကျတော့ တစ်ကမ္ဘာလုံးကျော်နေပြီ၊ မြန်မာဘုရင်ကြီး (၃)ပါး အဲဒီနားမှာ မြှပ်ထားတယ်။ အမရပူရ ဧရိယာထဲမှာ ဘိုးတော်ဘုရား အရိုးအိုး၊ မြေးတော် ဘကြီးတော်အရိုးအိုး နဲ့ သားတော်ရွှေဘိုမင်း အရိုးအိုးတို့ရှိတယ်။ ရွှေဘိုမင်းအရိုးအိုးဆိုတာ အမရပူရ နန်းတော်ရဲ့စစ်တပ် အိမ်ထောင်သည်လိုင်းတွေကြားထဲမှာ၊ ရိုင်းရိုင်းပြောလို့ရှိရင် ထဘီတန်းတွေ၊ တိရိစ္ဆာန်မစင်တွေကြားထဲမှာ မထင်မရှားလေးပဲ ခုချိန်ထိရှိသေးတယ်။ ခင်ဗျားတို့ဘာလုပ်မှာလဲ လို့" မီဒီယာများကို ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly