မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ဇေယျာရွှေမြေနည်းပြ ဝေဖန်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ဇေယျာရွှေမြေနည်းပြ ဝေဖန်
မြဝတီအသင်းနှင့်ပွဲတွင် ဇေယျာရွှေမြေအသင်းနည်းပြ ဖေဘီယာနိုကိုတွေ့ရစဉ်။ (ဓါတ်ပုံ ZYSM FC)

ဇွန် ၂၄ ၊ ရန်ကုန်။              ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ဇယားရေးဆွဲမှုကြောင့် ဇေယျာရွှေမြေကလပ်အသင်းမှာ ခရီးများဆက်တိုက်သွားရပြီး ခရီးပန်းမှုဒဏ်ကို ခံရကာ ရလဒ်များဆိုးရွားလျက်ရှိသည် ဟု အသင်းနည်းပြချုပ် ဖေဘီယာနိုက မြဝတီအသင်းအား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သော ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲအပြီးတွင် ဝေဖန်ခဲ့သည်။

ဇေယျာရွှေမြေအသင်းသည် ပြီးခဲ့သည့် လိဂ်ပွဲစဉ် ၁၄ တွင် ဆောက်သမ်းအသင်းနှင့် မုံရွာကွင်း၊ ဗိုလ်ချုပ်ဒိုင်းရှုံးထွက်အဆင့်တွင် မြဝတီအသင်းနှင့် အောင်ဆန်းကွင်းတို့၌ ကစားခဲ့ပြီး ဇွန် ၂၅ ရက်တွင် လိဂ်ပွဲစဉ် ၁၅ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် တောင်ကြီးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

" ဆောက်သမ်းအသင်းနဲ့ ကစားပြီး နောက်တစ်ရက်မှာ ရန်ကုန်ကို ထွက်လာတယ်။ ကြားထဲမှာ တစ်ရက်ပဲ အချိန်ရပြီး မြဝတီနဲ့ ကစားရတယ်။ နေရှင်နယ်လိဂ်ရဲ့ပွဲစဉ်ဇယား ရေးဆွဲထားမှုက ကျွန်တော်တို့ကို အခက်အခဲ ဖြစ်စေပါတယ်။ ကျွန်တော်တို့ တစ်ပတ် တစ်ကြိမ် ခရီးသွားနေရမယ့်အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုပွဲစဉ် ရေးဆွဲထားမှုမျိုး ဘယ်လိဂ်ပြိုင်ပွဲမှာမှ မရှိပါဘူး။ မနက်ဖြန်လည်း ကျွန်တော်တို့ ရှမ်းအသင်းနဲ့ ကစားဖို့ တောင်ကြီးကို သွားရပါဦးမယ်။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ Recovery လုပ်ချိန်တောင် မရပဲ ခရီးပန်းပြီး အခုလိုမျိုး မမျှော်လင့်တဲ့ရလဒ်တွေ ထွက်လာတာပါ။ ကျွန်တော် အရမ်းပဲ စိတ်ပျက်မိပါတယ်” ဟု ဖေဘီယာနိုက ဆိုသည်။

ဇေယျာရွှေမြေအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ပွဲ ကစားပြီးချိန်တွင် ခြောက်ပွဲနိုင် လေးပွဲသရေ လေးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၂၂ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင်မူ ၁၆ သင်းအဆင့်၌ လိဂ်-၂ မှ မြဝတီအသင်းအား ၂-၁ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly