လက်စတာနှင့် ဗာဒီတို့ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိဟု သတင်းများထွက်ပေါ်

လက်စတာနှင့် ဗာဒီတို့ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိဟု သတင်းများထွက်ပေါ်

ဇွန် ၂၄၊ အင်္ဂလန် ။             ။ တိုက်စစ်မှူး ဂျေမီဗာဒီနှင့် လက်စတာအသင်းတို့ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်ရာသီက အံ့အားသင့်ဖွယ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာတွင် အဓိကစွမ်းဆောင်ပေးခဲ့သည့် ဗာဒီကို လေးနှစ်စာချုပ်သစ်ချုပ်ဆိုမည်ဟု လက်စတာအသင်းက ကြေညာခဲ့သည်။

ယခုကြေညာချက်သည် ဗာဒီ၏ အနာဂတ်နှင့်ပတ်သက်ပြီး မှန်းဆပြောဆိုနေကြမှုများကို အဆုံးသတ်နိုင်လိမ့်မည်ဟု ကစားသမားနှင့်ကလပ်အသင်းနှစ်ဘက်စလုံးက မျှော်လင့်ကြောင်း ကြေညာချက်တွင် ပါရှိခဲ့သည်။

မကြာသေးမီက အာဆင်နယ်အသင်းသည် ဗာဒီ၏ စာချုပ်ပါ လျော်ကြေးငွေအတိုင်း ပေါင်သန်း ၂၀ ပေး၍ ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ အာဆင်နယ်အသင်းက ဗာဒီကို တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၂၀,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယခုလက်စတာအသင်းက ပေါင် တစ်သိန်းဖြင့် စာချုပ်သစ်ချုပ်မည် ဖြစ်သည်။

ဗာဒီသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကမှ အပျော်တမ်းကလပ် ဖလက်ဝုဒ်တောင်းအသင်းမှ လက်စတာသို့ ပေါင် ၁ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကမှ လက်စတာနှင့်သုံးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုထားသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly