ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်စီးနင်းခဲ့သည့် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဒဏ်ရိုက်ခံရ

ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်စီးနင်းခဲ့သည့် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဒဏ်ရိုက်ခံရ

ဇွန် ၂၃ ။             ။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ကုန်ခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်း ခိုခေါင် ဒေသတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ မော်တော်ဆိုင်ကယ် စီးနင်းခဲ့ခြင်းကြောင့် ယာဉ်ထိန်းရဲက ဒဏ်တပ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟွန်ဆန်သည် ၎င်း၏ အမှားအတွက်လည်း လူသိရှင်ကြား တောင်းပန်ခဲ့သည်ဟုလည်း သိရသည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် ဇွန်လ ၁၈ ရက်က ခိုခေါင်ဒေသသို့ ရောက်ရှိလာခဲ့ပြီးနောက် ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ လမ်းမကြီးဘေးတွင် နေထိုင်သော ဆိုင်ကယ်အငှားလိုက်သူတစ်ဦး၏ အိမ်သို့ ဝင်ရောက်လည်ပတ်ခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ၎င်း ဆိုင်ကယ်ပိုင်ရှင်ကို တင်ကာ ဟွန်ဆန်က မီတာ ၂၅၀ အကွာခရီးကို နှစ်ဦးသား ဆိုင်ကယ်စီးထွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအချိန်တွင် ဝန်ကြီးချုပ်မှာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်းမရှိဘဲ နှစ်ဦးသား စီးလာခဲ့စဉ် နောက်မှ ယာဉ်ထိန်းရဲ ဆိုင်ကယ်တစ်စီးက လိုက်လာပြီးနောက် ဟွန်ဆန်အား ယာဉ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ဒဏ်ငွေ ကမ္ဘောဒီးယားနိုင်ငံသုံးငွေကြေး riel ၁၅,၀၀၀ ( ၃ ဒသမ ၇၅ ဒေါ်လာ) ရိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒဏ်တပ်မှုကို လက်ခံခဲ့ကြောင်း ဝန်ကြီးချုပ်က နောက်ပိုင်းတွင် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။ ၎င်းနှင့်အတူ လိုက်လံစီးနင်းလာခဲ့သော ဆိုင်ကယ်ပိုင်ရှင်လည်း အလားတူ ဒဏ်ကြေးငွေကို အရိုက်ခံခဲ့ရသည်ဟု သိရသည်။

" ခုကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် အရင်ဦးဆုံးအနေနဲ့ တောင်းပန်လိုပါတယ်၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ဒဏ်တပ်ခံရတာ ကျွန်တော် လက်ခံပါတယ်၊ နောက်ပြီးတော့ အဲဒီ ခိုခေါင်ဒေသက ကျွန်တော့်ကို ဒဏ်တပ်ခဲ့တဲ့ ယာဉ်ထိန်းရဲသားရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကိုလည်း ကျွန်တော် တန်ဖိုးထားပါတယ်၊ သူက တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျောသားရင်သား ခွဲခြားမှုမရှိဘဲ ဥပဒေအတိုင်းလုပ်ခဲ့ပါတယ်၊ ကျွန်တော့်ကို ဝန်ကြီးချုပ်ဆိုပြီးတော့လဲ ကြောက်စိတ်မရှိဘဲ သူ့အလုပ်ကိုပဲ သူလုပ်ခဲ့တာပါ" ဟု ဟွန်ဆန်က ဖေ့ဘုတ်တွင် ရေးသားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly