ရွေးကောက်ပွဲနီးလာချိန် ခိုလှုံခွင့်တောင်းသူများကို ခုတုံးလုပ်ပြီး နိုင်ငံရေးကစားကွက်တစ်ခုကို ခင်းနေခြင်းမရှိဟု သြစတြေးလျ အစိုးရ ငြင်းဆို

ရွေးကောက်ပွဲနီးလာချိန် ခိုလှုံခွင့်တောင်းသူများကို ခုတုံးလုပ်ပြီး နိုင်ငံရေးကစားကွက်တစ်ခုကို ခင်းနေခြင်းမရှိဟု သြစတြေးလျ အစိုးရ ငြင်းဆို

ဇွန် ၂၂ ။              ။ လာမည့် လပိုင်းတွင် ကျင်းပရန် ရှိနေသော ပါလီမန်ရွေးကောက်ပွဲများ မတိုင်ခင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူများအရေးကို အသုံးချကာ နိုင်ငံရေးကစားကွက်တစ်ခုကို ခင်းထားခြင်းမရှိကြောင်း သြစတြးလျ အစိုးရက ငြင်းဆန်ပြောကြားလိုက်သည်။

ဇွန်လအစောပိုင်းက နိုင်ငံဆီသို့ ဦးတည်လာရောက်ခဲ့သော နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူအပြည့်တင်ဆောင်လာသည့် လှေတစ်စီးကို ရေတပ်က ကြားဖြတ် တားဆီးခဲ့သည့်ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတွင် နယ်စပ်လုံခြုံရေးကိစ္စကို ပြန်လည်သုံးသပ်ရမည့်ကိစ္စတစ်ခုအသွင်ဖြစ်ရန် အသုံးချကစားနေခြင်းမရှိကြောင်း သြစတြးလျအစိုးရက ငြင်းဆန်သွားသည်။

ဇူလိုင်လ ၂ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရန် လက်ရှိအစိုးရအဖွဲ့က ခိုလှုံခွင့်တောင်းခံသူများအရေးကိစ္စတွင် နိုင်ငံရေးအရ ကစားနေသည်ဆိုသော သတင်းများကို သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ပီတာ ဒက်တွန်က ဇွန်လ ၂၂ ရက်တွင် ငြင်းဆိုပြောကြားသွားသည်။

" အင်ဒိုနီးရှားလိုမျိုး နိုင်ငံမှာ ရှိတဲ့ လူမှောင်ခိုကူးသူတွေက ကျွန်တော်တို့ဆီက ရွေးကောက်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်၊ တကယ်လို့များ ဇူလိုင် ၂ ရက်မှာ အစိုးရအပြောင်းအလဲတစ်ခုသာ ဖြစ်မယ်ဆိုရင် သူတို့တွေ တစ်ကျော့ပြန်လှုပ်ရှားလာပြီးတော့ လူတွေကိုလှေတွေနဲ့ ကျွန်တော်တို့ နိုင်ငံဆီ ပို့လွှတ်ကြပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံရေးခိုလှုံသူများ အပြည့်လိုက်ပါလာသော လှေတစ်စီးကို ရေတပ်သင်္ဘောက ကြားဖြတ်ဟန့်တားခဲ့သဖြင့် ဗီယက်နမ်နိုင်ငံဘက်သို့ ပြန်လှည့်သွားကြောင်း ၎င်းက ပြောကြားလိုက်သကဲ့သို့ ယင်းဖြစ်စဉ်အပေါ်တွင်လည်း ပြည်သူများအနေဖြင့် ကျေနပ်မနေသင့်ကြောင်း သတိပေးသွားခဲ့သည်။

" လူတွေကတော့ ဒီ ပြဿနာက ဒီမှာတင် ပြီးသွားပြီလိ့ု ထင်ကြပါလိမ့်မယ်၊ မဟုတ်ပါဘူး၊ ကမ္ဘာတစ်ဝန်းက ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူ ၆၅ သန်းလောက်က မနက်ဖြန်လိုနေ့တွေမှာ ကျွန်တော်တို့လို နိုင်ငံတွေဆီကို ရောက်လာနိုင်ပါသေးတယ်" ဟု ၎င်းက ဆိုသည်။

သြစတြေးလျ ကမ်းခြေများသို့ လာရောက်ရန် ကြိုးပမ်းနေကြသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူဦးရေမှာ ဥရောပဒေသရှိ ရွှေ့ပြောင်းဦးရေထက် သိသိသာသာ လျော့နည်းနေခဲ့သော်လည်း နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာ အရေးကိစ္စမှာ ယင်းနိုင်ငံတွင် နိုင်ငံရေးအရ အထိခိုက်မခံနိုင်သည့် ကိစ္စရပ်ဖြစ်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly