အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

ရွှေ့ပြောင်းအလုပ်သမားများထဲတွင်  အိမ်အကူတို့သည် အလုပ်ချိန် အများဆုံး၊ အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်

ရန်ကုန်(Myanmar Now)  -ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသမှ မခင်ထားကြူသည် သူ၏  ညီမ၊  သူငယ်ချင်း နှစ်ဦးတို့နှင့်အတူရန်ကုန်မြို့သို့   ရောက်လာပြီးလွယ်လင့်တကူရရှိသည့် အိမ်အကူအလုပ် လုပ်ကိုင်နေကြသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။

အလုပ်လုပ်သည့်အိမ်တွင် နေထိုင်သည့် မခင်ထားကြူသည်  ညဉ့်နက်မှ အိပ်ရာဝင်၊ အိမ်ရှင်များထက် ဦးစွာအိပ်ရာထကာအလုပ်တစ်ခုပြီးတစ်ခုဇယ်ဆက်သလိုလုပ်ကိုင်ရသည်မှာတစ်ပတ်လျှင် ခုနစ်ရက် ဖြစ်သည်။

“တစ်ရက်တလေတော့လည်းနားချင်တယ်” ဟု၂၃ နှစ်အရွယ် မခင်ထားကြူကသက်ပြင်းရှည်တစ်ခုချရင်းပြောပြသည်။

သူ့သူငယ်ချင်းအသက် ၂ဝအရွယ်မမြင့်မြင့်မော်သည် အခြားအလုပ်ရှင်တစ်ဦးထံတွင် ပန်းကန်ဆေး၊အဝတ်လျှော်၊ ကြမ်းတိုက်  စသည့် ရေနှင့်ထိတွေ့ရသည့် အလုပ်များကိုခြေလက်များ   ရေဝဲစားသည်အထိ အဆက်မပြတ်လုပ်ခဲ့ရသည်။ ရေဝဲပျောက်အောင် နှစ်လနီးပါးကုသမှုခံယူရပြီးနောက်တစ်အိမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်ဟုသိရသည်။

မခင်ထားကြူတို့၏ လုပ်ငန်းခွင်အခြေအနေမျိုးကိုမြန်မာပြည်အနံှ့ အိမ်အကူလုပ်သားများနေ့စဉ် တွေ့ကြုံနေကြရသည်။အိမ်ဖော် ဟုလူသိများသည့် အိမ်အကူတို့သည် အလုပ်ရှင်နှင့် အတူနေထိုင်လုပ်ကိုင်ရသောကြောင့် ၎င်းတို့၏ အလုပ်ချိန်မှာတစ်ရက်လျှင် ၈ နာရီထက် ပိုနေတတ်သည်။

ပြင်ပလောက နှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊အဓမ္မစေခိုင်းခြင်းတို့နှင့် ရင်ဆိုင်နေကြရသောအိမ်အကူအလုပ်သမားများမှာ နိုင်ငံတွင်းရွှေ့ပြောင်းအလုပ်သမားများထဲတွင်  အနိုင်ကျင့်အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။

အသက်မပြည့်သေးသောအိမ်အကူ

ကလေးမွေးစားမည်ဟု ပြောဆိုခေါ်ဆောင်သွားပြီးနောက် အိမ်အကူသဘောမျိုး ခိုင်းစေဆက်ဆံပြီး ညှင်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များရှိနေကြောင်း လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်း ညီမျှခြင်း မြန်မာမှ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောသည်။

“တစ်ခါတစ်ခါ အိမ်အကူအလုပ်သမားလို့တောင်ပြောလို့မရပါဘူး။ ထမင်းစားကျွန်ခံသဘောမျိုး ဖြစ်နေတယ်”ဟုသူကမှတ်ချက်ချသည်။

အလုပ်ရှင်တချို့၏လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးပြုခြင်း၊အနိုင်ကျင့်ခြင်းနှင့် ရင်ဆိုင်ရသည့် အိမ်အကူများလည်းရှိနေပြီး အနည်းငယ်သော ဖြစ်ရပ်တချို့သာ မီဒီယာတွင် ဖော်ပြခံရသည်ဟု သူကထောက်ပြသည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လကရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက် အိမ်တစ်အိမ်ရှိ  ၁၄ နှစ်အရွယ် အိမ်အကူကိုအိမ်ရှင်၏ မောင်ဖြစ်သူဦးထွန်းဇော်မြင့်က အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲ တိုင်ကြားချက်ကိုမြို့နယ်တရားရုံးက အရေးယူစစ်ဆေးနေကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ် (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းမှ ထင်ရှားသည့် ရဲဘက်ပြေးဦးကျော်ဝင်းစိန်သည်  မကြာသေးမီက၁၄ နှစ်အရွယ် အိမ်အကူအမျိုးသမီးနှစ်ဦးကိုအကြိမ်ကြိမ် သားမယား ပြုကျင့်သူအဖြစ် စွပ်စွဲခံထားရပြီးရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင်  တရားရင်ဆိုင်နေရသည်။

ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တစ်အိမ်တွင်    အိမ်ရှင်၏ သားနှစ်ဦးအဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အိမ်အကူမိန်းကလေးမှာ၁၂ နှစ်အရွယ်သာရှိသေးသည်။

အဓမ္မကျင့်ခံရပြီးနောက်ပိုင်းအိမ်အကူနှင့်အလုပ်ရှင်ကြားကိုယ့်နည်းကိုယ်ဟန်ဖြင့်ဖြေရှင်းမှုလည်းအများအပြားရှိနိုင်ကြောင်းအရပ်ဖက်အဖွဲ့အစည်းများကပြောသည်။

စာနယ်ဇင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့်ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သောအမှုနှစ်ခုရှိသည်။ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်ရှိ ကိုကြည်လှမြင့်၊ မော်ဒယ်လ်သီရိကိုကိုနိုင်တို့က ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး၏ လက်ကိုဆီပူအိုးထဲနှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲအခန်းတွင်း ပိတ်လှောင်ထားခြင်းတို့ကိုကျူးလွန်ခဲ့သည်ဆိုသည့်အမှု မြို့နယ်တရားရုံးသို့   ရောက်လာသည်။ တိမ်းရှောင်နေသော မော်ဒယ်လ်အမျိုးသမီးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး သူ၏ ခင်ပွန်းသည်ကို၂ဝ၁၄ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်တစ်လုံးတွင် လုပ်ကိုင်နေသူ ၈ နှစ်အရွယ် မစုဝေထွန်း ကြိုးတုပ်ခံရပြီးနေပူထဲဒူးထောက်ထိုင်ရသည့်နည်းဖြင့် နှိပ်စက်ခံရပုံသည် Facebook တွင် ပျံ့နှံ့ခဲ့ရာမှာထင်ရှားသည့်အမှု ဖြစ်လာသည်။ အမှုဖြစ်ပွားစဉ် ခရီးလွန်နေသည့်အိမ်ရှင်အမျိုးသားသည်  တပ်မတော်အရာရှိတစ်ဦး ဖြစ်နေသည် ဆိုသောအချက်ကြောင့်လည်း ထိုအမှုကိုအများကအာရုံစိုက်ခဲ့ကြသည်။   မြို့နယ်တရားရုံးကအိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူများကိုစစ်ဆေးလျက်ရှိသည်။ 

ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော    ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကိုတုတ်၊ စတီးယောက်မဖြင့်  ရိုက်နှက်ခဲ့သည်ဟုစွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သားမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။

မသန်းသန်းအိသည် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့သဖြင့် အရောင်းဈေးသည်အဖြစ် လုပ်ကိုင်နေကြောင်းသူ၏ ဦးလေးဖြစ်သူဦးမျိုးဦးကပြောသည်။

အိမ်အကူဥပဒေပြဋ္ဌာန်းရေး

အိမ်အကူကိုအိပ်စက်အနားယူချိန်အနည်းငယ်သာပေးခြင်း၊ကြမ်းပြင်ပေါ်တွင်အိမ်ခိုင်းခြင်း၊အဆက်မပြက်စေခိုင်းခြင်းစသည့်အလုပ်ရှင်တချို့၏အပြုအမူများမှာတရားရုံးတွင် သက်သေပြရန်ခက်ခဲလှသည်။

ညှင်းပန်းနှိပ်စက်ခံရပါကလည်းရဲစခန်းသို့သွားရောက်တိုင်ကြားသူနည်းပါးကြောင်း၊ဒဏ်ရာ၊ မျက်မြင်သက်သေတို့မရှိလျှင် တရားရုံးတွင်လည်းအခက် တွေ့နိုင်ကြောင်းရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးကပြောသည်။

“အိမ်အကူကပစ္စည်းခိုးပြီးထွက်ပြေးရင် ခိုးမှုနဲ့တရားစွဲလို့ရတယ်။ အိမ်အကူကအိမ်ရှင်နဲ့ပြဿနာဖြစ်ရင် အိမ်အကူကိုကာကွယ်ပေးဥပဒေမရှိတဲ့ အခါကျတော့ သူတို့အနေနဲ့နစ်နာတာပေါ့ဟု” ဦးမောင်မောင်စိုးကပြောသည်။

ရဲတပ်ဖွဲ့ မှတ်တမ်းများတွင်မူအိမ်အကူ နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး၅ နှစ်အတွင်းလာရောက်တိုင်ကြားသည့် အမှုအရေအတွက်မှာ ၈ မှုသာရှိကြောင်းတွေ့ရသည်။

ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းကမြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားဆိုင်ရာဥပဒေမရှိသေးသော်လည်းပြဋ္ဌာန်းထားသောဥပဒေများထဲမှာရပိုင်ခွင့်များအကြောင်းအများသိရှိစေရေးအတွက် ပညာပေးအစီအစဉ် အများအပြားလိုအပ်သည်ဟုဆိုသည်။

“အိမ်အကူများအနေနဲ့ဘာဖြစ်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်” ဟုသူကပြောသည်။

အမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် သင်တန်းပေးနေသည့် အဖွဲ့ဖြစ်သည့်မေ့စွမ်းရည်မှ အစီအစဉ်မန်နေဂျာနော်အေးအေးလှိုင်ကအိမ်အကူအများစုသည်  ၎င်းတို့ကိုယ်တိုင် အခွင့်အရေးတောင်းဆိုရကောင်းမှန်းမသိကြကြောင်းပြောသည်။

အိမ်အကူများကိုသီးသန့် အကူအညီပေးနေသည့် အဖွဲ့အစည်းမရှိသေးကြောင်း၊ အိမ်အကူများ အရေးအလေးထားရန် အားနည်းနေကြကြောင်း၊  အလုပ်ရှင်များကလည်း အိမ်အကူအလုပ်သမားကို လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်းနော် အေးအေးလှိုင်ကရှင်းပြသည်။

“စိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့အိမ်ရှင်တွေမှာတာဝန်ရှိပါတယ်”ဟုနော်အေးအေးလှိုင်ကပြောသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနဒုညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း၊ အိမ်အကူသည်လည်း လူသားဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကိုမထိခိုက်စေသည့် အခြေခံအကြောင်းအရာများ ထည့်သွင်းရေးဆွဲရမည် ဖြစ်ကြောင်းပြောသည်။

“ငြင်းခုန်ရတာတွေကတော့ အများကြီးပဲ။ ခွင့်ရက်၊ အလုပ်ချိန်တွေက သတ်မှတ်ရခက်ခဲပါတယ်။ တစ်နေ့ ၈ နာရီပဲအလုပ်ချိန်ပေးမယ်ဆိုရင်လည်း အလုပ်ရှင်ပြန်လာတဲ့အချိန် ထမင်းမချက် အဝတ်မလျှော်ဘူး ဆိုတာမျိုးကျတော့လည်း အဆင်မပြေဘူးပေါ့” ဟုဦးညွန့်ဝင်းကဆိုသည်။

အိမ်အကူများနစ်နာမှုရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ တိုင်ကြားရမည် ဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခံရပါက ရဲစခန်းကို တိုင်ကြားရမည် ဟုသူကဆက်ပြောသည်။

အိမ်အကူဆိုင်ရာဥပဒေရေးဆွဲရာတွင် အခြေခံလုပ်ခလစာ၊ အလုပ်ချိန်၊ ခွင့်ရက်၊ အနိမ့်ဆုံးအသက်ကန့်သတ်ချက်၊ လုပ်ငန်းအမျိုးအစား၊ ခံစားခွင့်တို့ကို ရှင်းရှင်းလင်းလင်းထည့်သွင်းရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။

ပွဲစား

အိမ်အကူများက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သကဲ့သို့ အိမ်ရှင်အများစုကလည်း အိမ်အကူပစ္စည်းခိုးပြီး ထွက်ပြေးမည်ကို စိုးရိမ်ကြသည်။

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဝင်းက၎င်းတို့မိသားစုလိုအပ်သည့် အိမ်အကူရရှိရန် ပွဲစားများနှင့် ချိတ်ဆက်ခြင်း မပြုကြောင်း၊ အုပ်ထိန်းသူတစ်ဦးဦးက လာရောက်ပို့ဆောင်မှသာ အလုပ်ခန့်ထားကြောင်းပြောသည်။

“ပွဲစားအများစုက ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းရှောင်ကြတာများတယ်။ မိဘနဲ့ ဆက်သွယ်ထားတဲ့ အခါကျတော့ တစ်ခုခုဖြစ်ရင် တိုက်ရိုက်ဆက်သွယ်လို့ရတယ်” ဟုဒေါ်ခင်ဆွေဝင်းကပြောသည်။

ရန်ကုန်တွင် လုပ်ကိုင်နေသောအိမ်အကူအများအပြားမှာ တရားဝင် မှတ်ပုံတင်မထားသည့် ပွဲစား၊ အကျိုးဆောင်များမှတစ်ဆင့် အလုပ်ရသွားကြခြင်းဖြစ်သည်။ Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်ကိုပွဲစား၊ အကျိုးဆောင် အများစုကလက်ခံဖြေကြားခြင်းမရှိကြပေ။

အိမ်အကူကပစ္စည်းခိုးခြင်း၊ အိမ်ရှင်ကအနိုင်ကျင့်ခြင်းစသည့် ပြဿနာမျိုးပေါ်ပေါက်မလာစေရန် လူရွေးချယ်ပြီးလုပ်ကိုင်ရကြောင်း၊ အကျိုးဆောင်ပေးခဲ့သည့် ဦးရေမှာဆယ်ဂဏန်းများစွာရှိကြောင်း အိမ်အကူပွဲစားလုပ်သက်   ၄ နှစ် ပြည့်တော့မည့် ဒေါ်မိုးမိုးကဆိုသည်။

“တစ်ခုခုဆိုကိုယ်ခေါင်းပေါ်ရောက်လာမှာလေ။ နှစ်ဘက်လုံးကကိုယ်နဲ့သိတဲ့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့” ဟုဒေါ်မိုးမိုးကပြောသည်။

ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအသင်းလက်အောက်ရှိ

အိမ်တွင်းဝန်ဆောင်မှုအမျိုးသမီးများအားကူညီစောင့်ရှောက်ရေးဌာနဒါရိုက်တာဒေါ်နော်ဖေါဝါးကအသင်းဝင်များအိမ်အကူလုပ်ငန်းလုပ်ဆောင်လိုပါကအလုပ်ရှင်များနှင့် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်များသို့ အခါအားလျော်စွာသွားရောက်စစ်ဆေးသည်ဟုပြောသည်။

“လူသားတစ်ဦးလိုထားရှိ ဆက်ဆံတာမျိုးမရှိဘူးဆိုရင်တော့ (အလုပ်ရှင်ကို) ပထမအကြိမ် သတိပေးတယ်၊ဒါကိုမှ မလိုက်နာရင် အိမ်အကူကိုအဲဒီလိုအိမ်မျိုးမှာဆက်မထားတော့ပါဘူး” ဟုသူကရှင်းပြာသည်။

၎င်းတို့အဖွဲ့ကအမျိုးသမီး ၁ဝဝ နီးပါးကိုချိတ်ဆက် အကူအညီပေးနေကြောင်း၊အိမ်ရှင်တချို့ ကျူးလွန်သည့် မတရားမှုများထဲတွင် အိမ်အကူကိုလတ်ဆတ်မှုမရှိသည့် အစားအစာကျွေးခြင်း၊အိမ်သာရှေ့၊ ဝရန်တာ၊ ကွန်ကရစ်ကြမ်းခင်းစသည့် နေရာများတွင်  အိပ်စက်စေခြင်း၊ နားရက်မပေးခြင်း၊ လုံလောက်စွာအနားယူအိပ်စက်ခွင့် မပေးခြင်းတို့ ပါဝင်နေသည်ကိုတွေ့ရကြောင်းသူကရှင်းပြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မခင်ထားကြူ ရန်ကုန်တွင် အိမ်အကူ ဖြစ်လာရခြင်းမှာအလုပ်ချိန် သတ်မှတ်ချက်ရှိသည့် အထည်ချုပ်စက်ရုံအလုပ်ကိုရုတ်တရက် ရှာဖွေရခက်ခဲခြင်းကြောင့် ဖြစ်သည်။ ရန်ကုန်တွင် ၄ နှစ်ကြာပြီ ဖြစ်သော်လည်းတခြားအလုပ်ရှာဖွေရန် အခြေအနေမပေးသည့် မခင်ထားကြူကမွေးရပ်မြေတွင် ပေါင်နှံထားသည့် မိသားစုပိုင်လယ်မြေ ပြန်ရွေးနိုင်ရေးအတွက်   ငွေစုလိုသောကြောင့်အနိုင်ကျင့်မှုနှင့်အချိန်မရွေးရင်ဆိုင်ရနိုင်သောအိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

ကျေးလက်လယ်ယာလုပ်ငန်းခွင် ပြန်ဝင်လိုသည့် မခင်ထားကြူကအိမ်အကူအဖြစ် လုပ်ကိုင်နေရသည်မှာ“ဘဝလုံခြုံမှုမရှိ” ဟုခံစားရသည်ဟုပြောသည်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly