ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီအပေါ် ဘယ်သူတွေ ဘာတွေ မျှော်လင့်ထားလဲ

ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီအပေါ် ဘယ်သူတွေ ဘာတွေ မျှော်လင့်ထားလဲ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီက ဇွန် ၁၉ရက်မှ ဇူလိုင် ၁ရက်နေ့အထိ အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်   မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။ ၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ရက် ၁၀၀ စီမံကိန်းကဲ့သို့ တိကျသည့် အချိန်သတ်မှတ်ချက်၊ လုပ်ဆောင်ချက်မျိုးဖြင့် အကောင်အထည်ဖော်ရန် တိုက်တွန်းစေချင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောသည်။

မစ္စယန်ဟီးလီ၏ ခရီးစဉ်အပေါ် လူ့အခွင့်အရေး၊ နိုင်ငံရေးနယ်ပယ်၊ ယခင်အစိုးရလက်ထက်က တာဝန်ရှိသူအချို့ စသဖြင့် အဖွဲ့အစည်းအသီးသီးမှ အမြင်များကို စုစည်းတင်ပြလိုက်သည်။

ဦးအောင်မျိုးမင်း - အလုပ်အမှုဆောင်ဒါရိုက်တာ

Equality Myanmar

“ကျွန်တော်တို့မျှော်လင့်ထားတာ သူ့မှာတာဝန်နှစ်ခုပါလာတယ်။ ပထမတာဝန်က လက်ရှိလူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ နောက်ဆုံးအခြေအနေတွေကို သူလာရောက်ပြီးတော့ စုံစမ်းတဲ့တာဝန်တစ်ခုရယ်။ နောက်ထပ်တစ်ခုကတော့ ဒီအစိုးရသစ်အနေနဲ့ လာမယ့် အနာဂတ်မှာ ဘယ်လူ့အခွင့်ရေးကိစ္စတွေကို ဘယ်လိုမျိုးဦးစားပေးလုပ်ဆောင်မလဲ ဆိုတဲ့အရာတွေကို တိုင်းတာနိုင်တဲ့ ဒသမကိန်းညွှန်းတွေကို အစိုးရနဲ့အတူဖော်ဆောင်သွားပြီးတော့ ဒါကိုစောင့်ကြည့်ဖို့ဆိုတဲ့ တာဝန်နှစ်ခုပါတာတွေ့ရတယ်။ အဲ့တော သူ့အနေနဲ့ကတော့ သတင်းအချက်အလက်တွေက သူအမြဲတမ်းစုံစမ်းနေတဲ့အတွက် ဒါကသတင်းမှန်တွေရရှိမှာဖြစ်ပါတယ်။ သူတွေ့ရှိဖို့အတွက်လည်း သူပြင်ဆင်ထားတယ်။ နောက်ထပ်အရေးကြီးတာကတော့ ဒီအစိုးရသစ်လက်ထက်မှာ ဘယ်ဟာတွေကို အစိုးရသစ်ကလုပ်ဆောင်သင့်တယ်။ ဘယ်အချိန်မှာလုပ်ဆောင်မှုတွေကို ပြင်ဆင်ထားလဲဆိုတဲ့အချက်တွေကို ဖော်ဆောင်ဖို့အတွက်။ ဒါဟာဆိုလို့ရှိရင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ဖို့ လမ်းစကမ်းခြင်းလို့ ကျွန်တော်တို့မြင်တယ်။ အဲ့တော့ဒါတွေကိုသာအစိုးရအနေနဲ့ ဒီရဲ့ကောင်းကျိုးတွေကြည့်ပြီးတော့ ဒါတွေကိုဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်သတ်မှတ်နိုင်ရင် ကျွန်တော်တို့တိုင်းပြည်ကပြောနေသလို ဒီလူ့အခွင့်အရေးတွေကို ပါးစပ်နဲ့ပြောတာမဟုတ်ဘဲ တကယ်တမ်းအကောင်အထည်ဖော်တဲ့ အစိုးရစစ်တွေကို ရရှိပြီဆိုတဲ့ သက်သေပြနိုင်တဲ့အရာမျိုးဖြစ်ပါပြီ။”

“အပြောင်းအလဲကတော့ ဒီအစိုးရသစ်စဖွဲ့တဲ့ရက်(၁၀၀)စီမံကိန်းဆိုတော့ ဘယ်ဝန်ကြီးဌာနဘာလုပ်မယ်၊ နောက်တော့ဘယ်ဝန်ကြီးဌာနကတော့ ရက်(၁၀၀)အတွက် အကောင်အထည်ဖော်မယ်ဆိုပြီး ရက်(၁၀၀)စီမံကိန်းတွေစတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကျွန်တော်မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ရက်(၁၀၀)စီမံကိန်းတို့ဘာတို့ ပြောတာလုံးဝမတွေ့ရသေးဘူး။ အဲ့တော့ အခုလိုမျိုး ကျွန်တော်တို့ကုလသမဂ္ဂနဲ့ပူးပေါင်းပြီးတော့ ရက်(၁၀၀)အတွင်း သို့မဟုတ် သူ့ရဲ့သက်တမ်းတစ်နှစ်အတွင်း သို့မဟုတ် သတ်တမ်းငါးနှစ်အထိ လူ့အခွင့်အရေးနဲ့ပတ်သတ်လို့ ဘာတွေလုပ်ဆောင်မယ်ဆိုတာ ထွက်လာလို့ရှိရင် တိုင်းပြည်အတွက်အများကြီး အကျိုးရှိတယ်ဗျ။ အစိုးရကဘာတွေရည်ရွယ်လဲ၊ ဘာတွေလုပ်ဆောင်မှာဖြစ်လဲ၊ အဲ့ဒါကြောင့်မို့ ပြည်သူလူထုကကော ဘာတွေပူးပေါင်းဆောင်ရွက်သင့်လဲ၊ အစိုးရလုပ်ငန်း ကောင်းမွန်တဲ့ အကောင်အထည်ဖော်မှုအတွက် ပြည်သူလူထုကကော ဘယ်လိုလက်တွဲနိုင်တယ်ဆိုတာ သိလာမယ်။ ဒီအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ၊ လုပ်ဆောင်ပုံတွေကိုလည်း ဘယ်လောက်ထိ ထိရောက်မှုရှိမရှိကိုလည်း တွက်ဆနိုင်တဲ့အရာဖြစ်တဲ့အတွက် အဲ့ဒါက ကောင်းတဲ့ဘက်ကဖြစ်ပါလိမ့်မယ်။”

ဦးဉာဏ်ဝင်း (NLD ပြောရေးဆိုခွင့်ရှိသူ)

“အစိုးရသစ်ကလည်း အခုမှနှစ်လရှိသေးတာ။ အဲ့တော့လူ့အခွင့်အရေးဆိုင်ရာက နဂိုတည်းကဖွဲ့စည်းထားပြီးတော့ လုပ်တော့လုပ်နေပါတယ်။ သို့သော်အဖွဲ့သစ်အနေနဲ့ ဆက်ဆံရေးကို ကျွန်တော်အခုထိကောင်းကောင်းမသိသေးပါဘူး။ အဲ့ဒါကြောင့် အခုထိမဖြေနိုင်သေးဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။”

“ကျွန်တော်ကတော့ လူ့အခွင့်အရေးကော်မရှင်လူကြီးတစ်ယောက် မြန်မာပြည်လာတာကို ကြိုဆိုရမယ့်သတင်းအနေနဲ့ ကျွန်တော်မြင်ပါတယ်။ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်တာ ဆယ်စုနှစ်ပေါင်းအတော်ကြာနေပါပြီ။ အဲ့တော့ချက်ချင်းကြီးပြောင်းလဲဖို့တော့ မဖြစ်နိုင်သေးဘူး။ အဲ့တော့သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့ဝင် လူကြီးတွေကလည်း အခုလိုလာရောက်ခြင်းအားဖြင့် အချက်အလက်ပိုပြီးတော့ တိတိကျကျသိသွားတာ ပိုကောင်းတယ်လို့မြင်ပါတယ်။ သူတို့ခရီးစဉ်ကိုတော့ ကျွန်တော်မသိဘူးခင်ဗျ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေများတယ်၊ မများဘူးက သူရဲ့ information ကိုလည်းမသိဘူး။ သူကဘယ်လို information နဲ့သွားလဲဆိုတာ ကျွန်တော်မသိပါဘူးခင်ဗျ။

ဦးသိန်းညွန့် (နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း)

“ကျွန်တော်ပြောချင်တာက ယန်ဟီးလီလာတဲ့ခရီးက တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအထွက်နဲ့ သက်ဆိုင်နေတယ်။ နောက်တစ်ခါ အခုယန်ဟီးလီရောက်တဲ့အချိန်မှာပဲ မနက်က ကျွန်တော်VOAမှာကြားလိုက်တယ်။ ဟိုမှာမြန်မာနိုင်င်ငံသားဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့စာရင်းကို သူတို့ဒီနေ့ကြေငြာမယ်။ အဲ့တော့သူတို့ဆီမှာ ရိုဟင်ဂျာ၅၀၀,၀၀၀လောက် ရှိနေတယ်ဆိုတဲ့သဘောမျိုး မနက်ကပြောသွားတာရှိတယ်။ အဲ့တော့အခုသွားမယ့်အခေါက်က ဟိုအရင်အစိုးရဟောင်းကာလနဲ့မတူတဲ့ အချက်က အရင်အစိုးရဟောင်းက ရိုဟင်ဂျာမရှိဘူးလို့ပြောထားတယ်။ နောက်ပြည်တွင်းမှာလည်း တိုင်းရင်းသားဒေသတွေကို အဲ့ဒီ့လောက်ဒေသအစုံမျိုးပေးသွားတာမရှိဘူး။ အခုလိုရက်အရှည်ကြီးပေါ့။ ဇွန်၁၉ရက်နေ့ကနေ ဇူလိုင် ၁ရက်အထိပေးသွားတာမျိုးလည်းမရှိဘူး။”

“ယန်ဟီးလီခရီးကို မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေအပေါ်မှာ မြှင့်တင်ပေးဖို့လာတဲ့ခရီးလို့မမြင်ဘူး။ ယန်ဟီးလီခရီးက ကျွန်တော်တို့အခုမီးမငြိမ်းသေးတဲ့ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့က မရှိဘူးလို့ပြောတဲ့ ရိုဟင်ဂျာကိစ္စနဲ့ ဒီဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့ဘင်္ဂါလီကိစ္စအပေါ်မှာ ပြဿနာပြန်လည်ကြီးထွားလာဖို့လာတဲ့ခရီးဖြစ်တဲ့အပြင် ကျွန်တော်တို့တိုင်းရင်းသားအချင်းချင်း ကြိုးပမ်းနေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့်အရာမျိုးကို အင်မတန်မှအနုပညာမြောက်စွာ လူ့အခွင့်အရေးမျက်နှာဖုံးစွပ်ထားပြီးတော့ ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုရက်ပိုင်း ကိုယ်စားလှယ်တွေတော်တော်များများလာတဲ့ခရီးဟာ ကျွန်တော်တို့ဒီမိုကရေစီတိုင်းပြည်ရဲ့ ပုံရိပ်ကို မြှင့်တင်ပေးဖို့ပဲလာသလား။   မြန်မာနိုင်ငံရဲ့မငြိမ်းသေးတဲ့ပြည်တွင်းစစ်ကို ဆက်လက်ရှည်ကြာဖို့ဖြစ်အောင် ပုံစံတစ်မျိုးနဲ့ တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲစေဖို့ဖြစ်အောင် လာသလားဆိုတာကို နောင်သမိုင်းကပဲ သုံးသပ်လိမ့်မယ်လို့ပဲပြောချင်တယ်။”

ဦးပါမောက္ခ

မြန်မာနိုင်ငံရဲ့၁၉၈၂ နိုင်ငံသားဥပဒေကို မစ္စယန်ဟီးလီအနေနဲ့ ဝင်ရောက်မပတ်သတ်ဖို့ပေါ့နော်။ ဝင်ရောက်ပတ်သတ်မယ်ဆိုရင် သူ့နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးလာမယ်ဆိုရင် မစ္စယန်ဟီးလီကြိုက်ပါ့မလား။ မြန်မာတိုင်းရင်းသား၁၃၅မျိုးထဲမှာ မပါဝင်တဲ့ ရိုဟင်ဂျာဟူသောအမည်ကိုလည်းပဲ လုံးဝမသုံးစွဲဖို့။ ၁၉၈၂နိုင်ငံသားဥပဒေကိုလည်းပဲ လာရောက်ပြီးပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဖို့ကို မစ္စယန်ဟီးလီကို ဦးဇင်းကဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။”

“မစ္စယန်ဟီးလီအနေနဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုသောအသုံးအနှုန်းတွေကိုမသုံးပါနဲ့။ ၁၉၈၂ နိုင်ငံသားဥပဒေကိုမထိပါနဲ့။ မြန်မာနိုင်ငံကို တိတိကျကျလေ့လာပြီးမှသာလျှင် ကုလသမဂ္ဂကိုတင်ပေးဖို့ကို ဦးဇင်းအနေနဲ့ပြောချင်ပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly