အရှေ့တောင်အာရှဒေသအတွင်း လုယက်တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများကို ပူးပေါင်းနှိမ်နင်းသွားရန် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ သဘောတူ

အရှေ့တောင်အာရှဒေသအတွင်း လုယက်တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများကို ပူးပေါင်းနှိမ်နင်းသွားရန် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ သဘောတူ

ဇွန် ၂၁ ။                 ။ အရှေ့တောင်အာရှဒေသအတွင်း ပင်လယ်ရေကြောင်းသွားလာရာတွင် ကြုံတွေ့နေရသည့် လုယက်တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများကို ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့ကြသည်။

မကြာသေးသည့် ကာလများအတွင်း ဖိလစ်ပိုင် မွတ်ဆလင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ခုက နိုင်ငံခြားသားများကို ပြန်ပေးဆွဲခေါ်ဆောင်ကာ သတ်ဖြတ်ပစ်မှုများ ရှိလာနေခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်အခြေစိုက် အဘူ ဆေရက်ဖ် အဖွဲ့က ယခုနှစ်ထဲတွင် မလေးရှားနှင့် အင်ဒိုနိုင်ငံသားများကို ပြန်ပေးဆွဲထားခဲ့ပြီးနောက်ပိုင်း ဒေသလုံခြုံရေးနှင့်ပတ်သက်၍ ဆွေးနွေးရန် အထက်ပါနိုင်ငံသုံးနိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများ မနီလာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိလစ်ပိုင် အကြမ်းဖက်အုပ်စုသည် ပင်လယ်ပြင်တွင် သွားလာနေခဲ့သော မလေးရှား နှင့် အင်ဒိုသဘောၤသား ၁၄ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းနောက် ၎င်း ဓါးစာခံများ လပေါင်းများစွာကြာတွင် ပြန်လည် လွတ်မြောက်လာသော်လည်း ပြန်ရွေးငွေပေးခဲ့ရခြင်းရှိမရှိ သတင်းအချက်အလက်ရရှိခဲ့ခြင်းမရှိပေ။

အလားတူ အထက်ပါ ဖိလစ်ပိုင် အဘူဆေရက်ဖ်အဖွဲ့သည် ပြီးခဲ့သည့်လများကလည်း ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားနှစ်ဦးအတွက် ပြန်ရွေးငွေ မရသဖြင့် ၎င်းဓါးစာခံနှစ်ဦးအား ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြသည်။

" ခုလိုမျိုး ရေကြောင်းသွားလာရင်း ပြန်ပေးဆွဲမှုတွေ၊ လက်နက်ကိုင် ဓါးမြတိုက်မှုတွေက ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောမှုပိုင်းကို ခြိမ်းခြောက်လာနေတဲ့အတွက် ခုလိုအတူတကွ ပူးပေါင်းလုပ်ဆောင်သင့်တယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီးတွေအကြား သဘောတူခဲ့ကြပါတယ်" ဟု ယင်းတွေ့ဆုံပွဲထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly