ဒေါ်နယ်ထရန့်အား ဗြိတိန်လူငယ်တစ်ဦးက သတ်ရန် ကြိုးပမ်းခဲ့ဟု အာဏာပိုင်များပြောကြား

ဒေါ်နယ်ထရန့်အား ဗြိတိန်လူငယ်တစ်ဦးက သတ်ရန် ကြိုးပမ်းခဲ့ဟု အာဏာပိုင်များပြောကြား
(ဓာတ်ပုံ - AFP)

ဇွန် ၂၁ ။              ။ အမေရိကန် ရီပတ်ပလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

မိုက်ကယ် ဆန်းဖို့ဒ် ဆိုသူ ဗြိတိန် အမျိုးသားသည် လက်စ်ဗီးဂတ်စ်ရှိ မဲဆွယ်ပွဲတစ်ခု၌ ရဲတပ်သားတစ်ဦး၏ သေနတ်ကို လုယူကာ ထရန့်အား သတ်ရန် ကြိုးပမ်းထားခဲ့ခြင်းကြောင့် ယခုအခါ စွဲချက်တင်ခံထားရပြီဖြစ်သည်။

ဇွန်လ ၁၈ ရက် မဲဆွယ်ပွဲတစ်ခုသို့ ရောက်ရှိလာသော ဆန်းဖို့ဒ်သည် ရဲဝန်ထမ်းတစ်ဦး၏ သေနတ်ကို ရယူကာ ထရန့်အား ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထရန့်အား သတ်ရန် ကယ်လီဖိုနီးယားမှ လက်စ်ဗီးဂတ်စ်ထိ လာရောက်ခဲ့ရကြောင်း ဖမ်းဆီးခံရပြီးနောက် ဆန်းဖို့ဒ် ထွက်ဆိုသွားသည်။ အလားတူ ၎င်းမှာ ယခင်က သေနတ်ပစ်ဖူးသည့် အတွေ့အကြုံမရှိသဖြင့် အစောပိုင်းရက်ပိုင်းက သေနတ်ပစ်သင်ထားခဲ့ရသည်ဟု ဝန်ခံထွက်ဆိုသွားသည်။

" ဆန်းဖို့ဒ်က အရင်တုန်းက သေနတ်ကို တစ်ချက်နှစ်ချက်လောက်ပဲ ပစ်ဖူးထားတယ်လု့ိ ဝန်ခံခဲ့ပါတယ်၊ နောက်ပြီး ထရန့်ကို သတ်ဖို့လုပ်တာက သူ့ကိုလည်းပဲ လုံခြုံရေးတွေက သတ်လိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်" လို့ အစိုးရ ရှေ့နေတစ်ဦးက ပြောကြားသွားသည်။

ဆန်းဖို့ဒ်က ထရန့်အား မည်သည့်အတွက်ကြောင့် သတ်ရန်အထိ ကြိုးပမ်းခဲ့ရခြင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဆန်းဖို့ဒ်အနေဖြင့်လာမည့် ဇူလိုင် ၅ ရက်တွင် တရားရုံး၌ ကနဦးစစ်ဆေးခံရရန် ရှိနေသည်။ အလားတူ ၎င်းသည် ထောင်ဒဏ် ၁၀ နှစ်ကျော် နှင့် ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ ကျခံပေးဆောင်ရဖွယ် ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly