ပညာအလွဲ

လယ်သမားကြီး ဦးသာအောင်၊ စပါးစိုက်ကာ ပြည်ကျိုးဆောင်
ကိုဖိုးမောင် အလုပ်သမား၊ ကုန်ထုတ်လုပ်ဖို့ သူကြိုးစား
ဦးဖိုးကျားက ကျောင်းဆရာ၊ စာပေတတ်ဖို့ သင်ပေးမှာ
မောင်ထွန်းသာ စစ်သားကလေး၊ ပြည်ပရန်ကို ကာကွယ်ပေး။

ဒီလင်္ကာသွားက မောင်မှန်တို့ ငယ်ငယ်က သင်ကြရတာပါ။ ခုထိလည်း အလွတ်နီးပါး ရနေ တုန်းပါပဲ။ အလွတ်နီးပါးရဆို ကာရန်အချိန်အဆက်ကလည်း မိ၊ အသံလေးကလည်း သာပေတာကိုး။
ဒီနှစ်မယ် အခြေခံမူလတန်း သင်ရိုးတွေပြောင်း၊ သင်ကြားမှုပုံစံတွေ ပြောင်းတယ်လို့ သိရ တယ်။ မွမ်းမံသင်တန်းတက်ကြရတဲ့ ဆရာ၊ ဆရာမတွေ ကဗျာရွတ်၊ ကခုန်၊ ဆော့ကစားပြီး သင်ယူနေ ကြရပုံတွေကိုလည်း သတင်းတွေမှာ တွေ့ရတယ်။ ကလေးတွေကိုလည်း အဲဒီအတိုင်း မရှက်မကြောက် ပြန်လည်ပို့ချ သင်ကြားပေးရမှာပါ။ ပညာရေးစနစ်ဟာ အခြေခံကစလို့ တကယ်ပဲ ပြောင်းလဲခဲ့ပြီလား ဆိုတာကတော့ အပြတ် မပြောနိုင်သေးပါဘူး။

ပြောင်းလဲချိန်တန်လို့ ပြောင်းကြပြီဆိုတဲ့ ပထမတန်း ဖတ်စာသစ်မှာ အထက်က လင်္ကာသွားလေးကို အမှတ်မထင် ပြန်တွေ့တယ်။ ဒီမှာ အပြောင်းအလဲ နည်းနည်း သွားတွေ့တယ်။ ဦးဖိုးကျားက ကျောင်းဆရာ၊ စာပေတတ်ဖို့ သင်ပေးရှာဆိုရာမှာ ရှာအစား တာ ပြောင်းထားတာ တွေ့ရရဲ့။ မောင်မှန် စဉ်းစားကြည့်တယ်။ စာပေတက်ဖို့ သင်ပေးရှာဆိုရာမှာ ရှာဆိုတဲ့ စကားလုံးဟာ ကျောင်းဆရာများရဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာသဘောကို ဆောင်နေတယ်လို့ ထင်တယ်။ အဓိပ္ပာယ်လေးနက်နေတယ်။ ဂရုဏာသံ ပေါက်နေတယ်။ ရှာကို တာ ပြောင်းလိုက်တော့ သာမန်ကိစ္စ ဖြစ်သွားတယ်။ အမှတ်တမဲ့ကြည့်ရင် မသိသာပေမယ့် ကဗျာသဘောအရ ကြည့်ရင် တော်တော်ကြီးကို ကွာဟသွားပါတယ်။

ဒီထက်ဆိုးတာက မောင်ထွန်းသာ စစ်သားကလေး ပြည်ပရန်ကို ကာကွယ်ပေးဆိုတာ ကို မောင်ထွန်းသာ တပ်မတော်သား၊ နိုင်ငံ့ရန်ကို ကွာကွယ်ပေးလို့ ပြောင်းလိုက်တာပဲ။ ကာရန်မမိ ဘာမမိ ဖြစ်သွားတယ်။ အမှတ်တမဲ့ ဖြစ်သွားသလားတော့ မသိဘူး။ နိုင်ငံ့ရန်ကို ကာကွယ်ထားဆို ကာရန်မိပါတယ်။ ဒီအတိုင်းဆို ကလေးတွေ ရွတ်ဆိုရခက်ကုန်တော့မှာ။ သင်ပေးတဲ့ ဆရာ၊ ဆရာမ တွေကလည်း ဒီအတိုင်းပဲ သွားမှာ။ စာမေးပွဲ(ရှိခဲ့လို့ရှိရင်)မှာ ဖြေရရင်လည်း အဲဒီအတိုင်းပဲ ဖြေရမှာ သေချာတယ်။ အရင်ပညာရေးပုံစံက ၏၊ သည်မလွဲ ဖြေကြရတာ။ ပဉ္စမတန်း မြန်မာစာမှာလည်း ကာတွန်းဆရာကြီး ဦးဟိန်စွန်းကို ဦးဟိန်းစွန် လုပ်ထားတာ မောင်မှန် ရေးခဲ့ဖူးတယ်။ ဒီနှစ်ရော ဦးဟိန် စွန်ပြန်ဖြစ်မှ ဖြစ်ပါစေ။ (မောင်မှန်ရေးလိုက်ရုံနဲ့တော့ ပြင်သွားမယ် မထင်ပါခင်ဗျာ) ဘယ်လိုပဲဖြစ်ဖြစ် ပညာရေးစနစ်သစ်မှာ ဦးဟိန်စွန်း ပြန်ဖြစ်ဖို့ လိုပါတယ်။ နိုင်ငံ့ရန်ကို ကာကွယ်ထားဖြစ်ဖို့ လိုပါတယ်။ ကျောင်းစာအုပ်ထဲမှာ တရားဝင် မပြင်သမျှ အမှားကို အမှန်လုပ် ဖြေဆိုရမယ့် ကျောင်းသားတွေရဲ့ ဒုက္ခက ကြီးလှပါတယ်။

အဖြေမှားရင်၊ စာမရရင် ဆော်ပလော်အတီးခံရမယ့်ဘေးကလည်း ကျောင်းသားလေး တွေအတွက် မသေးလှပါဘူူး။ မလှိုင်မြို့နယ်၊ လယ်တာတောင်ကျေးရွာက အလယ်တန်းကျောင်း(ခွဲ) မှာ စာမရတဲ့ ကျောင်းသားလေးတွေကို တီချယ်က ထန်းပလက်နဲ့ အရမ်းနှက်လိုက်တာ ဆေးရုံကို တန်းတက်ရပါရောလားခင်ဗျာ။ အရိုက်ခံရတဲ့ ပဉ္စမတန်းကျောင်းသား မောင်အောင်လျှံဖြိုးရဲ့ မိခင် ဒေါ်ဆန်းကြည်က "ဇွန် ၁၃ ရက်က ကလေးက စာမရလို့ တစ်ပုဒ်ငါးချက်နှုန်းနဲ့ အချက်ငါးဆယ် ရိုက်ခံ ရတာ အိမ်တောင် မနည်းပြန်လာရတယ်။ ဘာဖြစ်တာတုန်းမေးမှ တစ်ပုဒ်ငါးချက်နှုန်းနဲ့ ဆရာမက ထန်းပလက်ပြားနဲ့ အချက်ငါးဆယ် အရိုက်ခံရတယ် ပြောတယ်။ ကျောင်းလိုက်သွားတော့ ကျောင်းအုပ်ဆရာမကြီးကတော့ ပြေလည်အောင် ဖြေရှင်းပေးပါတယ်။ ဒါပေမဲ့ ရိုက်လွှတ်လိုက်တဲ့ ဆရာမကို ကျမတို့က ဆရာမရယ် အဲဒီလောက်ကြီး ရိုက်လွှတ်လိုက်တာ ကလေး ကျောင်းပျက် စာသင်နောက်ကျတော့မှာပေါ့။ ကိုယ်ချင်းလည်း စားပါဦးဆိုတော့ ရိုက်လွှတ်လိုက်တဲ့ ဆရာမက ကိုယ်ချင်းလည်း စာမနေနိုင်ဘူး။ ကျမက အပျိုကြီးလို့ ပြန်ပြောလွှတ်လိုက်တယ်" လို့ ပြောပါတယ်။

ရိုက်ချက်၊ မိုက်ချက်ကတော့ ကမ်းကုန်ပါပဲခင်ဗျာ။ နာသုံးနာမှ အသားနာပါ ထပ်ပေါင်းပေးရမလို ဖြစ်နေပြီ။ စာမရလို့ရိုက်တာ အချက် ၅၀။ ဆေးရုံပါတက်ရတယ်ဆိုတော့ မလွန်လွန်းဘူးလား။ မောင်မှန်သိ သလောက် ကျောင်းသားတွေကို မရိုက်နှက်ဖို့ ပညာရေး ဝန်ကြီးဌာနက တားမြစ်ထား ပါတယ်။ လယ်တာတောင်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)ရဲ့ ကျောင်းအုပ်ဆရာမကြီးကတော့ အခုလို ပြောပါတယ်။ "ရိုက်တယ်ဆိုတာကလညး ဆရာမက စာတတ်စေချင်တဲ့ စေတနာဇောနဲ့ ရိုက်မိသွားတာပါ။ အချက် ၅၀ ဆိုပေမဲ့ အရေအတွက်များလို့ ရိုက်တဲ့ ဆရာမက အားလျှော့ရိုက်ပါ တယ် ပြောပါတယ်။ မိဘက လာတိုင်လို့ ကျမက ပြေလည်အောင် ကျပ်ပူတွေဘာတွေ ထိုးဆေးတွေ လိမ်းနဲ့ ဖြေရှင်းပေးပေမယ့် စကားလေးတစ်ခွန်း မှားသွာတာနဲ့ ခုလိုမျိုးထိ ဖြစ်သွားတာပါ" တဲ့။ ဆရာမကြီးစကားက ဖာဖာထေးထေးပါ။ စာတတ်စေချင်တဲ့ စေတနာဇောနဲ့ပါတဲ့။ (ဟိုက ရိုက်လို့ ဒီက ပြန်ရိုက်ရတာပါဆိုတဲ့ စကားစာရင်တော့ တော်သေးတာပေါ့) လျှော့ပြီးတော့လည်း ရိုက်ပါသတဲ့။ (အချက် ၅၀ ဆိုတော့ လက်ကလည်း ညောင်းလာပြီကို) ကျောင်းသားမိဘ လိုက်လာတော့ မှားသွား တယ်ဆိုတဲ့ စကားကလည်း ကိုယ်ချင်းလည်း မစာနိုင်ဘူး။ ကျမက အပျိုကြီးဆိုတော့ မခက်ပေဖူး လား။ ကိုယ့်မှာ သားသမီးမရှိတာနဲ့ဘဲ သားသမီးချင်း၊ မစာနာတတ်ကြတော့ဖူးလား။ အဲဒီလို ဖြေရှင်းလိုက်လို့လည်း ပြီးသွားတာမှ မဟုတ်ဘဲ။ အကျယ့်အကျယ် မငြိမ်းဖွယ်တွေ ထပ်ဖြစ်ဖို့သာ ဦးတည်သွားပါတယ်။

မောင်မှန်တို့နိုင်ငံရဲ့ ပညာရေးအစက ဘုန်းကြီးကျောင်းများက ဖြစ်ပါတယ်။ ဆရာတော်၊ သဃာတော်များက စာပေသင်ကြားပေးကြတာပါ။ စနစ်က အာဂုံဆောင် အလွတ်ကျက်စနစ် ဖြစ်ပါ တယ်။ (အာဂုံရမှ အာဂလူဆိုတဲ့စကားဟာ အဲဒီစနစ်က လာတာပါ။) အာဂုံဆောင် အလွတ်ကျက်စ နစ်ဆိုောတ့ သူနဲ့ တွဲဖက်အဖြစ် ကြိမ်လုံးကလည်း မပါမဖြစ် ပါရပါတယ်။ ဘယ်ဆရာတော်ကြီးကဖြင့် အရိုက်ကြမ်းတယ်။ ဘယ်စာချကိုယ်တော်ကဖြင့် တကယ်တွယ်တယ် စသဖြင့် ပြောစမှတ်တွေ ရှိခဲ့ကြ ပါတယ်။ ဒီဘက်ခေတ် စာသင်ကျောင်းတွေ ပေါ်ပေါက်လာတော့လည်း ဒီအတိုင်းပါပဲ။ ဘယ်ဆရာ၊ ဘယ်ဆရာမကဖြင့် အရိုက်ကြမ်းသဟဆိုရင် ကျောင်းသားတွေ တုန်နေအောင် ကြောက်ကြရပါတယ်။ ဒီလိုဆိုလိုက်လို့ ဆရာတော်၊ သဃာတော်တွေ၊ ဆရာ ဆရာမတွေဟာ ကျောင်းသားတွေကို ဒေါသတ ကြီး နှိပ်ကွပ်နေတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ စာမရရကောင်းလားရယ်လို့ ဂရုဏာဒေါသော စေတနာဇောတွေနဲ့ ကြိမ်လုံးကိုင်ခဲ့ကြရတာ ဖြစ်မှာပါ။ (ဆရာအချို့မှ အပပေါ့လေ) မောင်မှန်ပြော ချင်တာက စနစ်ကိုပါ။ အလွတ်ကျက်စနစ်ဆိုတာ ကြိမ်လုံးနဲ့တွဲမှ  ပြည့်စုံတာကလား။ ပညာရှင်များက ပိုမြင်ကြမှာပါ။ အခုတော့ ပြောင်းလဲဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

အားလုံးကို ပြန်ချုပ်ရရင် အလွတ်ကျက်ပညာရေး စနစ်အောက်မှာ သင်ရိုးအမှား၊ စာအမှားတွေ ကို ၏၊ သည်မလွဲ ကြိမ်နဲ့တွဲ ဖြေကြရဦးမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း လွဲသထက် လွဲနေဦးမယ်ဆိုတာ တင်ပြလိုက်ရပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly