၂၁ရာစု ပင်လုံတွင် ဆွေးနွေးရန် အကြိုပြင်ဆင်မှုအပါအဝင် အချက် ၂၁ချက် PNLO ဆုံးဖြတ်

၂၁ရာစု ပင်လုံတွင် ဆွေးနွေးရန် အကြိုပြင်ဆင်မှုအပါအဝင် အချက် ၂၁ချက် PNLO ဆုံးဖြတ်
(ဓာတ်ပုံ- မဇ္ဈိမ)

ချင်းမိုင်၊ ဇွန် ၂၀ ။            ။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)တွင် အဓိကထား ဆွေးနွေးရန် အကြိုပြင်ဆင်မှုလုပ်ငန်းစဉ်များ အပါအဝင် အချက် ၂၁ ချက်ကို  ပထမအကြိမ် ညီလာခံ၊ ဒသမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“ကျနော်တို့ မူဘောင်တွေရေးဆွဲတဲ့နေရာမှာ ကျနော်တို့ သွားရောက်ပါဝင်ခဲ့တယ်။ မူဘောင်တွေကို ဆွေးနွေးညှိနှိုင်းခဲ့တာတွေကို ကျနော်တို့က ဗဟိုကို ပြန်တင်ပြတယ်။ ဗဟိုကော်မတီက ဒါကို လက်ခံစဉ်းစားတယ်။ ပြီးလို့ ရှိရင် ငြိမ်းချမ်းရေး ညီလာခံမှာ ကျနော်တို့ ဆွေးနွေးရမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ပြီးသွားပါတယ်။

ငြိမ်းချမ်းရေးမှာ တက်ရောက်ပြီးတော့ ကိုယ်စားလှယ်နဲ့ ဆွေးနွေးမယ်ဆိုရင် ဘယ်သူတွေ ဆွေးနွေးမလဲ ဆိုတာတွေ ပြင်ဆင်ပြီးသွားပါပြီ”ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံ မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသားများ၏ လူမျိုးရေးအလိုက်၊ အကြောင်းအရာအလိုက်နှင့် ဒေသအလိုက် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လူမျိုးအလိုက်ဆိုရင် ကျနော်တို့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့၊ အကြောင်းအရာ အလိုက်ဆိုရင် လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘောဝ ပတ်ဝန်းကျင်ကဏ္ဍတွေ နဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ကျနော်တို့ ပါဝင် တက်ရောက်ပြီး ဆွေးနွေးဆုံးဖြတ်နိုင်ဖို့၊ နောက်တခါ ပအိုဝ်းလူမျုးိတွေ နေထိုင်တဲ့ ဒေသ အလိုက်ပေါ့။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်။ ပဲခူးတိုင်း၊ အဲဒီလို ဒေသအဆင့် အမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အဲဒီလို သွားရမှာ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်ရမှာတွေ ရှိတယ်”ဟု သူက ပြောသည်။

ထို့ပြင် ဗဟိုအကော်မတီ အစည်းအဝေးတွင် PNLO ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဗဟိုအလုပ်အမှုဆောင် တစ်ဦးကဲ့သို့ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသေ ဦးဆောင် နာယကအဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တွင် PNLO ကိုယ်စားပြုပါဝင်သော ဆရာခွန်ထွန်းတင် နေရာ၌လည်း အစားထိုး တာဝန်ပေးအပ်လိုက်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က ကျင်းပသော ညီလာခံတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို PNLO ၏ နာယကအဖြစ် တင်မြောက်ခဲ့သော်လည်း ဆုံးဖြတ်ချက်အဖြစ် မချမှတ်ခဲ့သဖြင့် ဗဟိုကော်မတီမှ ဆုံးဖြတ်ချက် စာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
 
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးသည် တစ်နိုင်ငလုံး အပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသ သဘောတူ စာချုပ်(NCA)၏ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ၈ တွင် ပါရှိသည့် လုပ်ငန်းစဉ်ဖြစ်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ) အောင်မြင်စေရေးအတွက် အဓိကကျသည့် အခြေခံလုပ်ငန်းစဉ်အဆင့်တဆင့်ဖြစ်ခြင်း၊ ဒေသပေါင်းစုံ အလွာ ပေါင်းစုံ ပါတီအဖွဲ့အစည်းပေါင်းစုံရှိ ပအိုဝ်းပြည်သူများက ပအိုဝ်းတမျိုးသားလုံးဆိုငရာ မူဝါဒများကို အတူတကွ ဆုံးဖြတ် ချ မှတ်၍ တမူတည်း တသံတည်း ရပ်တည်ဖော်ဆောင်နိုင်ရန်၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့သည်ဟု ဇွန်လ ၁၈ရက်က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် ရရှိရန် နိုင်ငံရေးအဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဘဝတူညီနောင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး အတူအကွ ပါဝင်လာနိုင် ဆက်လက် ကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့သည်ဟု ပါရှိသည်။
 
ထို့ပြင် ပအိုဝ်းအမျိုးသားတစ်ရပ်လုံး စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရန် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ပြည် ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) အပါအဝင် ပါတီအဖွဲ့အစည်းများ၊ ပအိုဝ်းစာပေယဉ်ကျေးမှု၊ လူထုအခြေပြု လူမှုအဖွဲ့ အစည်းများနှင့် လည်းကောင်း လုပ်ငန်းစဉ်အလိုက် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က PNLO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ယခင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
 
PNLO သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ တစ်ခုဖြစ်ပြီး  ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ(UNFC)က တပ်ပေါင်းစု၏ အားလုံးပါဝင်ရေး မူကို လိုက်နာခြင်း မရှိဟု ဆိုကာ အဖွဲ့ဝင် ယာယီ ရပ်ဆိုင်းထားသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags