MH370 လေယာဉ် ရှာဖွေရေးအစီအစဉ် မလေးရှားနိုင်ငံတွင် ဆွေးနွေးကြမည်

MH370 လေယာဉ် ရှာဖွေရေးအစီအစဉ် မလေးရှားနိုင်ငံတွင် ဆွေးနွေးကြမည်

ကွာလာလမ်ပူ၊ ဇွန် ၁၉ ။               ။ ပျောက်ဆုံး MH370 လေယာဉ်ရှာဖွေရေးအတွက် နောက်ထပ်လုပ်ငန်းစဉ်များအား ဆွေးနွေးရန် သြစတြေးလျနှင့် တရုတ်တို့နှင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ရက်တာ အစည်းအဝေးကို ဇွန် ၂၀ ရက်တွင် စတင်မည်ဖြစ်သည်။

"လေယာဉ်ရှာဖွေရေး နောက်ထပ်နယ်မြေများကို ဦးတည်ချက်ထားကာ အစည်းအဝေး ဆွေးနွေးမည်"ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇွန် ၁၈ ရက်တွင် ဖော်ပြသည်။

အဆိုပါ သုံးနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း လေယာဉ်ရှာဖွေရေး၌ တစ်စုံတစ်ရာ မတွေ့ပါက သြစတြေးလျဦးဆောင်သည့် ယင်းရှာဖွေရေးလုပ်ငန်းစဉ်ကို ရပ်နားရန် ယခင်က ပြောဆိုထားကြသည်။

လက်ရှိအချိန်ထိ ပင်လယ်ကြမ်းပြင် စတုရန်းကီလိုမီတာ ၁၂၀၀၀၀ တွင် စတုရန်းကီလိုမီတာ ၁၀၅၀၀၀ ရှာဖွေပြီးဖြစ်သော်လည်း အောင်မြင်မှုမရှိပေ။

ဆိုးဝါးသည့် ရာသီဥတုအခြေအနေကြောင့် သြဂုတ်လတွင် အပြီးသတ်ရန် မျှော်မှန်းထားသည့် ရှာဖွေရေးလုပ်ငန်းစဉ်များ ကြန့်ကြာရကြောင်း သြစတြေးလျအာဏာပိုင်များက ယခုလအစောပိုင်း၌ ပြောသည်။

MH370 လေယာဉ်သည် ၂၀၁၄ မတ်လအတွင်းက ခရီးသည်အမှုထမ်း ၂၃၉ ဦးလိုက်ပါကာ ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းခရီးစဉ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သြစတြေးလျအနောက်ဖက်ကမ်းလွန်တွင် ပျက်ကျသွားခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ယူဆထားကြသည်။

ပျက်ကျနိုင်သည့်နေရာအဖြစ်ထင်ထားသော အရပ်မှ ကီလိုမီတာထောင်ပေါင်းများစွာ ဝေးသော နေရာတွင် လေယာဉ်အပျက်အစီးအချို့ကို ရှာဖွေတွေ့ရှိသော်လည်း မည်သည့်ဘေးအန္တရာယ်ကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်းကို မှန်းဆနိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags