ပင်နယ်တီလွဲပြီး စိတ်ပျက်ခဲ့ရသော်လည်း ပေါ်တူဂီ၏ ပွဲအများဆုံးကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

ပင်နယ်တီလွဲပြီး စိတ်ပျက်ခဲ့ရသော်လည်း ပေါ်တူဂီ၏ ပွဲအများဆုံးကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

ဇွန် ၁၉၊ ပြင်သစ် ။              ။ သြစတြီးယားအသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရခဲ့သည့်အတွက် စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ပွဲအများဆုံးကစားပေးသူအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

လက်ရှိတွင် စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း ၁၂၈ ပွဲပါဝင်ကစားပေးထားပြီး ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ဖီဂို၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သြစတြီးယားအသင်းနှင့်ကစားခဲ့သည့် ယူရို ၂၀၁၆ အုပ်စုဒုတိယပွဲစဉ်တွင် ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုသည် ဂိုးသွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ပြီး ပင်နယ်တီတစ်ကြိမ်ကန်ခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့သည့်အတွက် စိတ်ပျက်ခဲ့ရပြီး ပွဲမှာ ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့ရသည်။

ပွဲချိန် ၇၉ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကို စီရော်နယ်ဒိုကန်သွင်းရာတွင် တိုင်ထိထွက်သွားခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် နောက်ဆုံးကန်သွင်းခဲ့သည့် ပင်နယ်တီငါးကြိမ်တွင် လေးကြိမ်အထိ လွဲချော်ထားသည်။ ယူရိုပွဲစဉ်နှစ်ပွဲ ကစားအပြီးတွင် စီရော်နယ်ဒိုသည် ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ ပြုလုပ်ထားပြီး အခြားကစားသမားများထက် ၁၁ ကြိမ်များနေသော်လည်း ဂိုးသွင်းနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် ပေါ်တူဂီအသင်းမှာ နှစ်ပွဲကစားပြီး နှစ်မှတ်သာ ရရှိထားသည်။ ထို့ကြောင့် အုပ်စု(F)တွင် ဟန်ဂေရီက လေးမှတ်၊ ပေါ်တူဂီနဲ့အိုက်စလန်က နှစ်မှတ်စီရရှိထားပြီး သြစတြီးယားက တစ်မှတ် ရရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly