အီတလီနောက်ခံလူ ချီလီနီနှင့် ပြဿနာရှိပါက ခုချိန်ဆို ဆေးရုံရောက်နေပြီဟု အီဗရာဟီမိုဗစ်ချ်ပြော

အီတလီနောက်ခံလူ ချီလီနီနှင့် ပြဿနာရှိပါက ခုချိန်ဆို ဆေးရုံရောက်နေပြီဟု အီဗရာဟီမိုဗစ်ချ်ပြော

ဇွန် ၁၈၊ ပြင်သစ် ။                 ။ အီတလီနောက်ခံလူ ချီလီနီနှင့် မည်သည့်ပြဿနာမှ မရှိကြောင်း ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်က ပြောဆိုလိုက်ပြီး အကယ်၍ ၎င်းတို့ကြားတွင် ပြဿနာရှိခဲ့ပါက အခုအချိန်တွင် ချီလီနီမှာ ဆေးရုံသို့ရောက်နေလိမ့်မည်ဟု မိုဗစ်ချ်က ဆိုခဲ့သည်။

အီတလီအသင်းက ဆွီဒင်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသည့်ပွဲတွင် ချီလီနီမှာ မိုဗစ်ချ်ကို ပွဲချိန်ပြည့် လူကပ်ကစားခဲ့ပြီး ပြစ်ဒဏ်ဘောများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည်။ ဆွီဒင်တိုက်စစ်မှူး ဂူဒက်တီကို ချီလီနီက ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့သည်ကို မိုဗစ်ချ်က မကျေမနပ်ဖြစ်ခဲ့သော်လည်း ယင်းပွဲအတွက် မည်သည့်ရန်ငြိုးမှ မရှိကြောင်း ပြောဆိုခဲ့သည်။

‘အားလုံး အိုကေပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အခုအချိန်ဆို ချီလီနီဆေးရုံရောက်နေပါပြီ’ ဟု မိုဗစ်ချ်က ပြောသည်။

ဆွီဒင်အသင်းသည် ပွဲချိန် ၈၈ မိနစ်အထိ အီတလီကို သရေကစားနိုင်ခဲ့သော်လည်း ၈၉ မိနစ်တွင် အက်ဒါ၏အနိုင်ဂိုးကို ခွင့်ပြုခဲ့ရသည်။ အီဗရာဟီမိုဗစ်ချ်က အီတလီအသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပြီး ဘောလုံးပွဲတစ်ပွဲမှာ မိနစ် ၉၀ ကစားရခြင်းဖြစ်ပြီး ၈၉ မိနစ်တည်းကစားပုံကောင်းနေလို့ မရကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly