ကချင်ပြည်နယ်မှ ပြန်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများအတွက် နေအိမ်ဆောက်ပေးမည်ဟု ပြည်နယ်အစိုးရ ဂတိပြုဟုဆို

ကချင်ပြည်နယ်မှ ပြန်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများအတွက် နေအိမ်ဆောက်ပေးမည်ဟု ပြည်နယ်အစိုးရ ဂတိပြုဟုဆို
ကချင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းမိသားစုများ ရခိုင်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ နေပုံ (ဓာတ်ပုံ- ရခိုင်ပြည်နယ် အစိုးရ )

ရန်ကုန်၊ ဇူလိုင် ၇ ။     ။ ကချင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်မိသားစု တစ်ရာကျော်အတွက် နေအိမ်များဆောက် လုပ်ပေးမည်ဟု ပြည်နယ် အစိုးရက ဂတိပြုပြောကြားခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအား လိုက်လံ ကူညီ ပို့ဆောင်ခဲ့သူ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ကချင်)မှ ဥက္ကဋ္ဌ မျိုးဇေယျာမင်းက မဇ္ဈိမကိုပြောသည်။
 
ကချင်ပြည်နယ်တွင် သွားရောက် အခြေချနေထိုင်ခဲ့သော်လည်း အလုပ်အကိုင် အဆင်မပြေမှုများကြောင့် မိသားစု ၁၄၈စုက ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
 
"ကျွန်တော်တို့ သွားပို့တဲ့ အချိန်မှာ ပြည်နယ် အစိုးရက အိမ်ထောင်စု တစ်စုကို အိမ်ဆောက်ဖို့အတွက် ငွေ သုံးဆယ့် ငါးသိန်းစီ ပေးမယ်လို့ ပြောတယ်"ဟု ဦးမျိုးဇေယျာမင်းကပြောသည်။

လက်ရှိတွင် ထို အိမ်ထောင်စုများကို မြင်းပြား၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်းမြို့နယ်များ သို့ ပြောင်းရွှေ့နေရာချထားသည် ဟု ရခိုင်ပြည်နယ်အစိုးရ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးမှူး ဦးထွန်းဝေက ပြောသည်။

"လောလောဆယ် သက်ဆိုင်ရာကျေးရွာတွေက၊ ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးတွေ အိမ်တွေမှာပဲ ယာယီထားပါတယ်၊ အိမ်ဆောက်ပေးဖို့အတွက် စိစစ်နေဆဲဖြစ်ပါတယ်၊ သူတို့စာရင်းအတိအကျရမှ ပြည်နယ် က ဘတ်ဂျက်ချပေးမှာပါ "ဟု ဦးထွန်းဝေက ဆိုသည်။

ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရန် စာရင်းရရှိထားသူမှာ ကိုးရာကျော် ဖြစ်သော်လည်း သုံးရာကျော်မှာ ကချင်ပြည်နယ်တွင် ကျန်ရှိနေသေးသည် ဟု ဆိုသည်။

"တချို့ကလည်း ဒီမှာယူထားတဲ့အကြွေးတွေမကြေသေးဘူးပြီးတော့ ဟိုပြန်ရောက်ရင်လည်း အလုပ်ရမှာမဟုတ်ဘူးဆိုပြီး ကျန်ခဲ့ကြတယ်"ဟု ရခိုင်စာပေနှင့်ယဉ်ကျေးမှူး အသင်း(ကချင်) အတွင်းရေးမှူး ဦးဖြူသာချေကပြောသည်။
 
အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများသည် ရခိုင်ပြည်နယ်မှ အလုပ်အကိုရှားပါးမှုများကြောင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့် ဒေသများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
 
ထို အိမ်ထောင်စုများကို ဒေသတွင်း ပြန်လည် အလုပ်အကိုင်ရရှိရေးအတွက် ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည့် ပုဏ္ဍားကျွန်းစက်မှုဇုံတွင် အလုပ်အကိုင်နေရာချထားပေးမည် ဟု ပြည်နယ်အစိုးရက ပြောကြား ထားကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးမှူးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly