နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

ရန်ကုန်၊ ဇွန် ၁၇ ။  ။ နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးကာ ဖွဲ့စည်းလိုက်ကြောင်း ဇွန် ၁၆ရက်က သမ္မတရုံးက ထုတ်ပြန်လိုက်သည်။ 

ကော်မတီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဦးဆောင်ကာ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင် ၈ဦး၊ စုစုပေါင်း ၁၁ဦးဖြင့် ဖွဲ့စည်းထားသည်။ 

"ဒီကော်မတီမှာ ဌာနဆိုင်ရာကလူတော်တော်များများပါပြီး အပြင်လူပါတာနည်းတော့ ဆရာ့အနေနဲ့ လူတွေများထပ်နေမလားလို့တော့ ထင်မိတယ်။ နောက်ပြီး မူဝါဒရေးဆွဲချမှတ်တာရော၊ သုံးသပ်တဲ့နေရာမှာပါ ဒီလူတွေပဲဖြစ်နေတယ်။ ဒီကော်မတီမှာ ပါတီ၊ ပုဂ္ဂလိကနဲ့ အစိုးရဌာနကလူတွေလည်းပါတယ်ဆိုတော့ သူတို့အနေနဲ့ ကဏ္ဍ (၃)ခု စုံအောင်ထည့်ထားတယ်လို့မြင်မိတယ်။ အခုထိ မူဝါဒတွေတောင်မထွက်သေးဘူး။ မူဝါဒတွေထွက်လာရင်လည်း အပြင်ကလည်းသုံးသပ်မှာပါ။ စာနယ်ဇင်းတွေရော၊ ပညာရှင်တွေပါသုံးသပ်ကြပါလိမ့်မယ်။" ဟု စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က မဇ္ဈိမကို ပြောသည်။

ယင်းကောင်မတီသည် နိုင်ငံတော်အနေဖြင့် တည်ငြိမ်အားကောင်းသော စီးပွားရေးမူဝါဒတစ်ရပ်ကို ချမှတ် အကောင် အထည်ဖေါ်နိုင်ရန် ရည်ရွယ်ကာ ကုန်သွယ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍနှင့် စက်မှုကဏ္ဍများ၏ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ရှိနေခြင်းကို ကဏ္ဍအသီးသီး၏ မူဝါဒများအား အချိုးညီ ချိတ်ဆက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။ 

ကော်မတီ၏ လုပ်ငန်းတာဝန်များ အနေဖြင့် ဝန်ကြီးဌာနများက လုပ်ဆောင်နေသည့် မူဝါဒများအလိုက် အစီရင်ခံစာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ အကြံပေးအဖွဲ့ (Think-Tank) မှ တစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ရယူရန်၊ ယင်းအစီရင်ခံစာများအပေါ် မူတည်၍ ကုန်သွယ်ရေးမူဝါဒ၊ ငွေရေးကြေးရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို သုံးသပ်ရန်အပြင် နိုင်ငံ၏ ကဏ္ဍလိုက် ဦးစားပေးလုပ်ဆောင်သင့်သည့် မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများကို သုံးသပ်ရန် နှင့် ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ မူဝါဒများအလိုက် တင်ပြရန် အပါအဝင် လုပ်ငန်းတာဝန် ၇ရပ် ချမှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly