ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရှေးဟောင်းဘုရားတစ်ဆူ။ (ဓာတ်ပုံ- အီးပီအေ)

ပြီးခဲ့တဲ့ ၂၀၁၆ မေလ(၃၀)ရက်နေ့က ပြည်ထောင်စုအစိုးရက ထုတ်ပြန်ကြေညာတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနဲ့ လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းတဲ့ကိစ္စအပါအဝင်  ယင်းအတွက် သီးခြားအသုံးပြုမယ့် ဘားဂျက်ကိစ္စဟာ ရခိုင်ပြည်သူတွေကြားထဲ ဝေဖန်စရာတွေ ထွက်လာခဲ့ပါတယ်။ လက်ရှိအခြေအနေအရ ရခိုင် ပြည်နယ်အတွက် အမှန်တကယ်လိုအပ်လို့ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းလုပ်ဆောင်တာမှန်ပေမယ့် လက်တွေ့မှာ အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်နိုင်/မနိုင်၊ ထိရောက်မှုရှိနိုင်/မနိုင်ဆိုတာ ရခိုင်ပြည်သူတွေအနေနဲ့ သံသယဖြစ်စေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုဘယ်လောက်ရှိမလဲ၊ ဒေသခံတွေ ဘယ်လောက် အတိုင်းအတာထိ ပူးပေါင်းပါဝင်ခွင့်ပြုမလဲဆိုတာနဲ့ ဘယ်ကိစ္စတွေအတွက် ဘားဂျက်ကို ထိထိရောက် ရောက်သုံးစွဲ သွားမလဲဆိုတာ မသိရသေးတာပါပဲ။

ရခိုင်ပြည်သူတွေရဲ့ သဘောထားကတော့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စအတွက် ပြည်ထောင်စုအစိုးရက အဓိကထားလုပ်ဆောင်လာတာကြိုဆိုပေမယ့် ပွင့်လင်းမြင်သာမှုအားနည်းနေသလို ဒေသခံ တွေကို ပူးပေါင်းဆောင်ရွက်ခွင့် မပေးသေးတာကြောင့် ဒေသခံရခိုင်ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်စေ ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာ စွာချပြဖို့နဲ့ ဒေသခံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေး ထားစေချင်တာပါပဲ။ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကို ရခိုင်ပြည်သူတွေ ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့လိုနေပါတယ်။

ပြည်ထောင်စုက ဆုံးဖြတ်၊ ပြည်ထောင်စုက အကောင်အထည်ဖော်တဲ့ စနစ်ရဲ့ အားနည်းချက်တွေကြောင့် မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ခဲ့တဲ့ သာဓကတွေအများကြီးပါပဲ။ ၂၀၁၀ နောက်ပိုင်းမှာလည်း ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာမှာ အပေါ်က ဆုံးဖြတ်ချက်အရ စီမံကိန်းတွေကို အကောင် အထည်ဖော်ဆောင် ရွက်ရာမှာ ဒေသနဲ့မကိုက်ညီလို့ အောက်ခြေက ပြည်သူတွေ ထိခိုက်နှစ်နာခဲ့ရသလို စီမံကိန်းတွေလည်း အကျိုးမရှိ ဖြစ်စေခဲ့ပြီး အချိန်ကုန်၊ ငွေကုန်၊ လူပန်းခဲ့ရတာတွေရှိခဲ့ပါတယ်။
 
သာဓကအနေနဲ့ လေ့လာကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရကာလမှာ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေလုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ အဲဒီအထဲက ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကိုအကြောင်းပြုလို့ လုပ်ဆောင်တဲ့ ဒုက္ခသည်များပြန်လည်နေရာချထားရေးကိစ္စမှာ ဒုံရင်းကဒုံရင်းဖြစ်နေတာ လေ့လာ တွေ့ရှိနိုင်ပါတယ်။ ကျေးရွာ လမ်းတံတားသစ်များ တည်ဆောက်တဲ့ စီမံကိန်းတွေမှာလည်း ခင်းထားတဲ့ ကွန်ကရက် တွေ ပျက်စီးလာနေတာ လေ့လာတွေ့မြင်နိုင်ပါတယ်။ မြစိမ်းရောင်စီမံကိန်းတွေ ဘယ်လောက်အတိုင်းအတာထိ   အောင်မြင်ခဲ့လဲဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ စစ်တွေ-အမ်း- မင်းဘူးရထားလမ်းဖောက်လုပ်တဲ့ကိစ္စမှာလည်း တောင်သူတွေ အတော်များများ နစ်နာသွားသလို ရခိုင်ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်ဆီးဆုံးရှုံးသွားခဲ့ပါတယ်။ မြောက်ဦးရှေးဟောင်းဇုံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပြန်လည်ဖော်ထုတ်ရာမှာလည်း ရှေးဟောင်းလက်ရာတွေ အတော်များများ ပျက်ဆီးသွားစေခဲ့တာ တွေ့ရမှာပါ။

အနီးကပ်ဆုံးအနေနဲ့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မြစ်ရေတင်စီမံကိန်းမှာ တောင်သူတွေ တော်တော် နစ်နာခဲ့ရသလို ထိုမြစ်ရေတင်စီမံကိန်းဟာလည်း ကျေးရွာတွေကို အကျိုးဖြစ်ထွန်းစေတာထက် ဆိုးကျိုးတွေဖြစ်ပေါ် စေခဲ့ပါတယ်။ လေ့လာကြည့်တဲ့အခါ မြစ်ရေတင်စီမံကိန်းကို လုပ်ဆောင်တာက ရခိုင်ပြည်နယ်မှာ လယ်သမားတွေ တစ်သီးစားက နှစ်သီးစားဖြစ်အောင် အပေါ်က စေတနာနဲ့ချပေးတာမှန်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်က မိုးများတဲ့ ဒေသဖြစ်တာ ရယ်၊ နွေရာသီဆို ဆားငံပေါက်တာရယ်၊ တောင်သူလယ်သမားတွေရဲ့ ဘဝအခြေအနေတွေကို သေချာမလေ့လာပဲ မြစ်ရေတင်စီမံကိန်းကို ငွေကုန်ကြေးကျများစွာနဲ့ တည်ဆောက်လိုက်တယ်။ အောက်ခြေက လူထုသဘောထားကို မှန်မှန်ကန်ကန်လည်း မရယူပဲ၊ အောက်ခြေမှာ အမှန်တကယ်လိုအပ်မှု ရှိ/ မရှိဆိုတာကို သေချာမလေ့လာ မစူးစမ်းပဲ စီမံကိန်း အကောင်အထည်ဖော်ခဲ့ကြတယ်။ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အခါမှာလည်း အသိပညာရှင်၊ အတတ်ပညာရှင်တွေမပါပဲ အကောင်အထည်ဖော်ဆောင်ရွက်တော့ လယ်ယာမြေတွေကို ဖွံ့ဖြိုးတိုးတက်စေတာထက် ဖျက်ဆီးပြစ်လိုက်သလိုဖြစ်သွားတာတွေ့ရတယ်။ ဒီမြစ်ရေတင်စီမံကိန်းကြောင့် လုပ်ကွက်နည်းတောင်သူတွေ အတော်များများ လယ်သိမ်းခံလိုက်ရတယ်။ လယ်ပိုင်ရှင်ဘဝက လယ်ကူလီဘဝကို ရောက်သွားကြတယ်။ မြောက်ဦးမြို့နယ်က မြစ်ရေတင်စီမံကိန်းတစ်ခုမှာဆို လယ်သမား (၃)ယောက် မိမိကိုယ်ကို မိမိသက်သေတဲ့အထိ ဖြစ်ပွားခဲ့ရလို့ ရပ်လိုက်ရတယ်။

အခုလည်း သဘာဝပတ်ဝန်းကျင် ပြန်လည်စိမ်းလန်းစိုပြေရေးနှင့် ကာကွယ်ရေးကိုအကြောင်းပြုလို့ ပုဂ္ဂလိကပိုင် စိုက်ခင်းတွေကို ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စီမံကိန်းတွေကို ချပေးနေတာ တွေ့ရတယ်။ အဲဒီ စီမံကိန်းကြောင့် ယခင်နှစ်ပေါင်းများစွာကတည်းက မိရိုးဖလာလုပ်စားနေတဲ့တောင်သူတွေ၊ ဓါးမဦးချ လုပ်စားလာတဲ့ တောင်သူတွေ ဘဝပျက်ကြရမယ့် စီမံကိန်းဖြစ်နေတာတွေ့ရတယ်။ အထူးသဖြင့် လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်တဲ့ ကျောက်တော်မြို့နယ် ဆင်တောင်ကြိုးဝိုင်း၊ သရီချောင်းမှာ အကောင်အထည် ဖော်ဆောင်ရွက်နေဆဲဖြစ်တဲ့ ပုဂ္ဂလိကပိုင်စိုက်ခင်းစီမံကိန်းမှာ ကျေးရွာ (၁၁)ရွာက တောင်သူ (၁၀၀)နီးပါး လယ်ထွန်ဖို့ မဝင်ရတော့သလို ကိုင်းစိုက်ဖို့အတွက်လည်း အခက်အခဲတွေဖြစ်နေတာတွေ့ရတယ်။ ပုံစံ(၇)ရှိပြီးသား တောင်သူ တစ်ဦးရဲ့ လယ်ယာမြေမှာလည်း ကျူးကျော်ခံခဲ့ရတယ်။ ဒေသခံတွေ ကွမ်းစိုက်ဖို့ စိုက်ပျိုးထားတဲ့အပင်တွေလည်း ခုတ်ထွင်ရှင်းလင်းခြင်းခံရတယ်။ ဒီကိစ္စတွေကို ဒေသခံတွေက တိုင်တန်းထားပေမယ့် သစ်တောဥပဒေအရ ဖမ်းဆီးခံရနိုင်တယ်လို့သာ ပြန်လို့ခြိမ်းခြောက်ခံနေရတဲ့အတွက် မသိနားမလည်တဲ့ တောင်သူတွေဘဝက ကူသူမဲ့ ကယ်သူမဲ့ ဘဝဖြစ်နေကြတာတွေ့ရတယ်။

သစ်တောဥပဒေအရ သစ်တောကြိုးဝိုင်းကို လိုအပ်သလို သတ်မှတ်နိုင်ပေမယ့် ၁၉၉၃ ခုနှစ်ဥပဒေအရ ယခင်က တည်းက လုပ်စားလာတဲ့သူတွေကို မောင်းထုတ်ခွင့်မရှိသလို အရေးယူခွင့်မရှိဘူး၊ လိုအပ်ချက်အရ သစ်တော ကြိုးဝိုင်းတွေကို ကင်းလွတ်ခွင့်ပေးရမယ်ဆိုပေမယ့် လက်တွေ့မှာ ဌာနဆိုင်ရာရန်ပုံငွေအဖြစ် အထက်ကမသိအောင် လျိုထားကြတော့ ဘယ်လောက်ပဲတိုင်တိုင် အာဏာပိုင်တွေက အလေးမထားတော့ တောင်သူတွေဘဝက လယ်မဲ့ယာမဲ့ တွေဖြစ်ပြီး ဆင်းရဲတွင်းနက်သထက် နက်ကြရမယ့် စီမံကိန်းပဲဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ ခွင့်ပြုချက်ရရင်ဆိုရင်ပဲ လုပ်ချင်တာ လုပ်လို့ရသလိုဖြစ်နေတယ်။ ပုဂ္ဂလိကပိုင်စိုက်ခင်းနဲ့ ဒေသခံ တောင်သူ (၁၀၀)နီးပါးရဲ့ဘဝကို စတေးရ မလိုဖြစ်နေတယ်။ နောက်တစ်ခုက ကျေးလတ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုလုပ်ဖို့ ဒေသခံတစ်ချို့ပိုင်တဲ့ မြေနေရာကို မြေလွတ်မြေရိုင်းပါဆိုပြီး ပုံစံ(၁၀၅)ဖောက်လို့ ရုံးမြေနေရာသတ်မှတ်တဲ့ကိစ္စအချို့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာတွေ တစ်ပုံကြီးပါပဲ။ ဒါတွေက ပြီးခဲ့တဲ့ အစိုးရသက်တမ်းကာလ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းတွေဖြစ်သလို လက်ရှိသက်တမ်းကာလအစိုးရတွေရဲ့ စီမံကိန်း ရလဒ် တွေပါပဲ။ ဒီလိုဖွံ့ဖြိုးရေးစီမံကိန်းတွေသာ ရခိုင်ပြည်နယ်မှာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွက် ရင်လေးဖွယ်ရာပါပဲ။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကတော့ ရခိုင်ပြည်နယ်အတွက် အမှန်တကယ် လိုအပ်နေတာပါပဲ။ ဒါပေမယ့် ရှေ့ကလုပ်သွားတဲ့ စီမံကိန်းတွေလို ဘတ်ဂျက်အပေါ်တွက်ချက်တဲ့စီမံကိန်းမျိုးမဟုတ်ပဲ ဒေသအတွက် အမှန်တကယ် ရှေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းတွေဖြစ်ဖို့လိုပါတယ်။ အဲလိုဖြစ်ဖို့အတွက် ပရောဂျက် တင်တဲ့အပေါ် ဦးစားမပေးပဲ ဖြစ်စဉ်အပေါ်အခြေခံပြီး ပေါ်ပေါက်လာတဲ့ စီမံကိန်းမျိုးဖြစ်ဖို့လိုပါလိမ့်မယ်။ INGOs, LNGOs, NGOs တွေလုပ်သလို ပရောဂျက်ပြီးရင် ပြီးရောဆိုတဲ့သဘောထက် ဒေသအတွက် အမှန်တကယ်လို အပ်ချက်တွေကို အဓိကထားပြီး အောက်ခြေထိကွင်းဆင်းလေ့လာ သုတေသနပြုပြီး အောက်ခြေဒေသခံပြည်သူတွေနဲ့ စာချုပ်စာတန်းပြု လုပ်ဆောင်ဖို့လိုပါတယ်။ လွှတ်တော်က ဆုံးဖြတ်ချက်တွေကို အောက်ခြေပြည်သူတွေသိအောင် စိတ်ဝင်စားအောင်လုပ်ဖို့ အသိပညာပေးဖို့လိုသလို အောက်ခြေဒေသခံပြည်သူတွေ နှစ်နာဆုံးရှုံးမှုမဖြစ်အောင် ထည့် သွင်းစဉ်းစား လုပ်ဆောင်သင့်ပါတယ်။ သို့မှသာ အောက်ခြေပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရလာပြီး စီမံကိန်းတွေ အောင်မြင် မှာဖြစ်ပါတယ်။

စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ဒေသအတွက် အမှန်တကယ် လိုအပ်မှုရှိ/မရှိကို သိဖို့လိုပါ တယ်။ လိုအပ်မှုရှိ/မရှိဆိုတဲ့အပေါ်မှာလည်း ဒေသခံတွေရဲ့သဘောထား မှတ်ချက်တွေရှိဖို့ လိုပါတယ်။ ဒေသခံ တွေရဲ့တောင်းဆိုပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်က အရေးပါပါတယ်။ အဲဒီအပေါ်မှာ လိုအပ်တဲ့ EIA, SIA, HIA တွေ လုပ်ဖို့လိုပါ့မယ်။ အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း စီမံကိန်းအကောင် အထည် ဖော်ဆောင်ရွက်မယ့် ကိစ္စတွေကို သက်ဆိုင်ရာဒေသခံပြည်သူတွေနဲ့ စာချုပ်စာတမ်းပြုလုပ်ဖို့လိုပါ့မယ်။ စာချုပ်စာ တမ်းအရသာ အကောင်အထည် ဖော်ဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ရေတင်စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်တုန်းက ဒေသခံတောင်သူတွေကို အကျယ်ပေ ၃ ပေ၊ အနက် ၂ ပေဆိုပြီး ချပြတဲ့အခါ ဒေသခံတွေက ဒီလောက်ဆို မနှစ်နာဘူးထင်လို့ လက်မှတ်တွေထိုးပေးလိုက်ကြတယ်။ လက်တွေ့လုပ်ဆောင်ရာမှာ အကျယ်ပေ ၆၀ ကနေ ၁၀၀ ထိရှိပြီး ဘေးလက်တက်က အကျယ်ပေ ၃၀ ကနေ ၆၀ ထိဖြစ်သွားခဲ့တယ်။ အနက်က ၃ ပေကနေ ၈ ပေလောက်ဖြစ်သွားတော့ တောင်သူတွေမှာ အတော့်ကို နှစ်နာသွားခဲ့ကြတယ်။ ဒါဟာ စာချုပ်စာ တန်းမရှိလို့ဖြစ်ရတယ်လို့မြင်ပါတယ်။

နောက်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းအတွက် အသုံးပြုခွင့်ရတဲ့ ဘားဂျက်အတိအကျကို ဒေသခံပြည်သူတွေ မသိရဘူး။ မှန်မှန်ကန်ကန် အသုံးချရဲ့လားဆိုတာ မသိရသလို  နိုင်ငံတော်အစိုးရက လုပ်တာဆိုပြီး  စီမံကိန်းကို လုပ်ချင်သလို လုပ် သွားကြတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိလာတဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းဆို ဒေသခံပြည်သူတွေ ကြောက်ရွံ့စိုးရိမ်လာကြရတယ်။ စီမံကိန်းကို အဖြစ်သဘောပဲလုပ်သွားတာများ တော့ ဒေသခံတွေအနေနဲ့ လက်ခံရမှာကြောက်လာကြတာ တွေ့ရတယ်။ ဒါတွေဟာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေစဉ် (သို့) အပြီးမှာ စစ်ဆေးတဲ့သူတွေ မရှိလို့၊ စီမံကိန်းကို ပြီးပြီးရောဆိုပြီး ပြစ်ထားလို့ ဖြစ်ရတာတွေလို့ သုံးသပ်နိုင်ပါတယ်။

ယခု နိုင်ငံတော်က အလေးထားလုပ်ဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးအကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းကို ဒေသခံပြည်သူတွေအနေနဲ့ ကြိုဆိုသလို သတိကြီးစွာ ထားနေရတာ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ရှေးကဖြစ်ခဲ့တာနဲ့ လက်ရှိဖြစ်နေတာကို ပြန်လည်သုံးသပ်ပြီး   ဝေဖန်ထောက်ပြနေကြတယ်လို့ မြင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း စီမံကိန်းတွေကို ဒေသခံတွေ သိရှိနားလည်လာအောင် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြဖို့လိုသလို ဒေသခံတွေပူးပေါင်းပါဝင်ခွင့်ကို လမ်းဖွင့် ပေးသင့် ပါတယ်။ နောက်ပြီး ပြီးခဲ့သည့် စီမံကိန်းတွေကို ပြန်လည်စီစစ်ဖို့၊ ဒေသခံတွေရဲ့ နှစ်နာမှုတွေကို တာဝန်ယူဖြေရှင်းပေး ဖို့လိုပါတယ်။ နောက်နောင် ပြီးခဲ့သည့် စီမံကိန်းများ သို့မဖြစ်သွားစေဖို့ သတိကြီးစွာထား ရမှာဖြစ်သလို လက်ရှိ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပြန်လည်စစ်ဆေးစီစစ်ဖို့၊ အလွဲသုံးစားပြု သူတွေ၊ အခွင့်အရေးချိုး ဖောက်သူတွေကို အရေးယူဖို့၊ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားဖို့ လိုပါလိမ့်မယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံ တော် အစိုးရအနေနဲ့ အောက်ပါတို့ကို စံ ထားသင့်ပါတယ်။

 ၁) စီမံကိန်း၊ စီမံချက်တွေကို ဒေသခံတွေသိအောင် ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ဖို့လိုပါ့မယ်။
 ၂) ဒေသခံရဲ့ သဘောထားမှတ်ချက်တွေလိုပါ့မယ်။
 ၃) ဒေသအတွင်း အမှန်တကယ်လိုအပ်တဲ့ စီမံကိန်းဖြစ်ရပါ့မယ်။
 ၄) လိုအပ်ရင် ဒေသခံပြည်သူတွေကို အသိပညာပေးလုပ်ဆောင်ရပါမယ်။
 ၅) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မယ့် သက်ဆိုင်ရာ ဒေသခံနဲ့ အကောင်အထည်ဖော်ပေးသူတို့ စာချုပ်စာတန်းပြုလုပ်ရပါမယ်။
 ၆) စီမံကိန်းမှာ ဒေသခံတို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးထားရပါ့မယ်။
 ၇) စီမံကိန်းအတွင်းမှာ ပါနေတဲ့ ဒေသခံတို့ရဲ့ ဆုံးရှုံးနှစ်နာမှုတွေမဖြစ်အောင် လုပ်ဆောင်ရပါ့မယ်။
၈) စီမံကိန်းမှာ အသုံးပြုမယ့် ဘားဂျက်ကို ဒေသခံတွေသိအောင် ချပြရပါ့မယ်။
၉) စီမံကိန်းကို ရေတိုရေရှည်ထားပြီး စနစ်တကျ လုပ်ဆောင်ရပါ့မယ်။ ပြီးစလွယ် မလုပ်သင့်ပါ။
၁၀) စီမံကိန်းကို အစမှ အဆုံးထိ စစ်ဆေးစီစစ်မှုတွေလုပ်ပြီးမှ လွဲပြောင်းပေးတဲ့ စနစ်ကို ကျင့်သုံးရပါ့မယ်။
၁၁) လိုအပ်ရင် စီမံကိန်းကို အချိန်မှီဖျက်သိမ်းနိုင်တဲ့ ဆုံးဖြတ်ခွင့် ပါဝါကို ဒေသခံတွေအား ပေးထားရပါ့မယ်။
၁၂) စီမံကိန်းကြောင့် နှစ်နာမှုတွေရှိရင် အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးသင့်ပါတယ်။

သို့မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်နိုင်သလို သက်ဆိုင်ရာဒေသလည်း အမှန်တကယ် အကျိုးဖြစ်မည်ဖြစ် ပါတယ်။ အကယ်၍ ဒေသခံတို့သဘောတူဆုံးဖြတ်ချက်ဖြင့် တောင်းဆိုသည့်၊ ပူးပေါင်းဆောင်ရွက်ခွင့်မရှိသည့် ပွင့်လင်းမြင်သာမှုမရှိသည့် စီမံကိန်းများဖြစ်ပါက စိုးရအာဏာပိုင်များနှင့် ကုပ္မဏီများ ကြီးပွားချမ်းသာရေးဘက်သို့ ဦးတည်ကာ ဒေသခံပြည်သူများ နှစ်နာဆုံးရှုံးပြီး ဘဝပျက်ရမည့် စီမံကိန်းအဖြစ်သို့ ရောက်ရှိသွားနိုင်ပါတယ်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အဓိက ဦးစားပေးလုပ်ဆောင်ရမယ့် နောက် စီမံချက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည် နယ်ဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်တဲ့ ပြည်နယ်တစ်ခုဖြစ်နေလို့ပါပဲ။ လယ်ယာမြေပြဿနာတွေ ရှိနေ သေးသရွေ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုမှဖြစ်နိုင်ချေမရှိပါဘူး။

ရခိုင်ပြည်နယ်ရဲ့လယ်ယာကဏ္ဍကိုလေ့လာကြည့်မယ်ဆိုရင် စားကျက်မြေ၊ မြေလွတ်မြေရိုင်းနဲ့ အစိုးရကစီမံခန့်ခွဲနိုင်တဲ့ မြေတွေ မရှိသလောက်ကို ဖြစ်နေပါတယ်။ စားကျက်မြေဆို စစ်အာဏာရှင်အစိုးရအဆက်ဆက်က ကျေးရွာဥက္ကဌတွေ လက်ဆင့်ကမ်းရောင်းစားလို့ကုန်သလောက်ရှိသလို မြေစာရင်းနဲ့ လယ်ဆည်ပေါင်းပြီး သီးစားချလို့ မရှိသလောက်ပါပဲ။ ကျွဲနွားတွေဘယ်လိုစားလဲဆိုတော့ မိမိတို့မွေးမြူထားတဲ့ ကျွဲနွားတွေစားဖို့ ထွန်ယက်စိုက်ပျိုးနေတဲ့ လယ်ဧကအချို့ကို ချန်လပ်ထားလေ့ရှိတာတွေ့ရတယ်။ နှစ်ပေါင်းများစွာကြာတော့ ဓလေ့ထုံးတမ်းလိုဖြစ်နေပြီ။

မြေလွတ်မြေရိုင်းတွေ အစိုးရစီမံခန့်ခွဲလို့ရတဲ့မြေတွေဆို ဌာနပိုင်မြေ၊ တပ်သိမ်းမြေ၊ အာဏာပိုင်နဲ့ စီးပွားရေး သမားတွေ ပေါင်းပြီး အကျိုးတူလုပ်ကွက်တွေဖြစ်ကုန်တယ်။ ကျန်တဲ့မြေတွေကတော့ ကျေးရွာတွေမှာ လူဦးရေတိုးပွားလာတာက တမျိုး၊ စီးပွားရေးကြပ်တည်းမှုနဲ့ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ဓါးမဦးချ လုပ်ကိုင်စားသောက်လာခဲ့တာ အခုဆို မိရိုးဖလာတွေတောင်ဖြစ်နေပါပြီ။ ဒီကြားထဲ မြေစာရင်းကမွေနောက်ထားလို့ ကျေးရွာတွေမှာ လယ်ယာမြေဆိုင်ရာ ပြဿနာတွေ အများကြီးရှိပါသေးတယ်။

ဒီပြသနာတွေကို ဦးစားပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင်

 ၁) လုပ်ကွက်နည်းတောင်သူတွေ၊ မရှိဆင်းရဲသားတွေလုပ်စားနေတဲ့ ဘယ်မြေအမျိုးအစား လုပ်ကွက်တွေကို မဆို ကင်းလွတ်ခွင့်ပေးပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)တွေချပေးဖို့
 ၂) တပ်သိမ်းမြေတွေကို ပြန်မပေးသေးပဲ ဒိုင်လျှိုထားတဲ့ကိစ္စတွေကို ဖော်ထုတ်ပြီး မူရင်းလုပ်ကိုင်စား သောက်ခဲ့တဲ့ မရှိဆင်းရဲသားတောင်သူတွေကို ပြန်ပေးဖို့၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုပိုင်အဖြစ် ပြန်လည်အပ်နှင်းဖို့
 ၃) ဌာနပိုင်မြေတွေကို ပြန်လည်စီစစ်ဖို့
 ၄) ဦးသိန်းစိန်အစိုးရလက်ထက် ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများကြောင့် ဘဝပျက်ခဲ့ရသည့် တောင်သူတွေရဲ့ နှစ်နာချက်တွေကို ဖော်ထုတ်ပြီး လိုအပ်ချက်နဲ့အညီ ဖြေရှင်းပေးဖို့နဲ့
 ၅) စီမံကိန်းများ ဖော်ဆောင်ထားရာ ဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်ရုပ်သိမ်းသင့်သည့် စီမံ ကိန်းတွေကို ပြန်လည်ရုပ်သိမ်းသင့်က ရုပ်သိမ်းဖို့ အဓိကဦးစားပေး လုပ်ဆောင်သင့်ပေသည်။

သို့မှသာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

သုတေသနဌာနနှင့် မှတ်တမ်းဌာန
ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)
၂၀၁၆ ခုနှစ်၊  ဇွန်လ (၁၂) ရက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly