သံတွဲမြို့နယ်မှ ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ

သံတွဲမြို့နယ်မှ ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ

စစ်တွေ၊ ဇွန် ၁၆ ရက် ။              ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း မိုးကြီးရေလျှံမှုကြောင့် သူဌေးချောင်းဆည် ကျိုးပေါက်ကာ ရေကြီးနစ်မြုပ်ခဲ့သည့် သံတွဲမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၁၂ ရွာတို့မှ ရေဘေးသင့် မိသားစုများမှာ ထောက်ပံ့ကူညီရေးများ လိုအပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်ခဲ့ခြင်းမှာ သူဌေးချောင်းအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် ဆည်ဆောက်လျှက်ရှိရာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဆည်ကျိုးပေါက်ပြီး သူဌေးချောင်း ဖြတ်သန်း စီးဆင်းရာ ဒေသတလျှောက်ရှိ ကျေးရွာများ ရေကြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာပေါင်း ၁၂ ရွာတို့မှ နေအိမ်များ စာသင်ကျောင်းများ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

“သံတွဲမြို့နယ်အတွင်းမှာ ရေကြီးခဲ့တဲ့အတွက် အပျက်အစီးတွေ တော်တော်များများ ရှိနေပါတယ်။ ကျေးရွာ ၁၂ ရွာမှာ လူနေအိမ်ပါင်း ၂၁၀ ကျော်ပျက်စီးသွားပါတယ်။ အများဆုံးပျက်စီးသွားတာကတော့ ပုရစ်ကျေးရွာပါ အဲဒီရွာ တစ်ရွာတည်းမှာ အိမ်ခြေ ၁၂၀ နဲ့ မူလတန်းကျောင်း တစ်ကျောင်း ပျက်စီးသွားပါတယ်။ အဲဒီရွာတွေကို အကူအညီတွေ လာပေးတာမရှိသေးဘူး။ အစိုးရအဖွဲ့ကလည်း ပေးဖို့ရောက်နေတယ်လို့တော့ သိရတယ်။ ဘယ်ရွာမှာ ဘယ်လောက်ပျက်စီး သွားတယ်ဆိုတာကို အတိအကျ စာရင်းကောက်နေပါတယ်။”ဟု ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက မဇ္ဈိမကို ပြောသည်။

ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ပျက်စီးသွားသည့်ကျေးရွာများမှာ ရွှေလှေကျေးရွာတွင် ၁၅ ဆောင်၊ ပေါက်တောကျေးရွာတွင် ၁၂ ဆောင်၊ သပြုချိုင်ကျေးရွာတွင် ၁ ဆောင်၊ ပြင်ယောင်းကျေးရွာတွင် ၂ ဆောင်၊ အောက်နတ်မော်ကျေးရွာတွင် ၂ ဆောင်၊ ကျောက်ကုန်းကျေးရွာတွင် ၃ ဆောင်၊ ညအုန်းမော်ကျေးရွာတွင် ၁ ဆောင်၊ ဘုရားမော်ကျေးရွာတွင် ၃ ဆောင်၊ ချင်းကွင်းကျေးရွာတွင် ၃ ဆောင်၊ ဆူးပုတ်ကုန်းကျေးရွာတွင် ၃ ဆောင်၊ ရေကောက်ကျေးရွာတွင် ၄၅ ဆောင်၊ ပုရစ်ကျေးရွာတွင် နေအိမ် ၁၂၀နှင့် စာသင်ကျောင်း ၁ ဆောင်တို့ ပျက်စီးသွားခဲ့ပြီး တောင်ကုတ်မြို့နယ် အတွင်းတွင် နေအိမ်ပျက်စီးသွားမှုများ မရှိသော်လည်း လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုအချိန်သည် မိုးစပါးစိုက်ပျိုးရန်အတွက် ထွန်တုန်းချချိန်ဖြစ်ရာ ရေနစ်မြုပ်ခဲ့သည့် ဒေသများမှ လယ်မြေများတွင် ကျောက်စရစ်များ ဖုံးလွှမ်းခြင်း ရွှံ့ဆန်သောမြေများ ဖုံးလွှမ်းမှုများလည်း ဖြစ်ပွားခဲ့သည့်အတွက် စပါးစိုက်ပျိုးနိုင်ရန် အတွက် ၎င်းမြေများအား ဖယ်ရှားပေးရန် လိုအပ်လျှက်ရှိကြောင်း ယင်းရေဘေးဒုက္ခသည်များအား အမြန်ဆုံး အကူအညီပေးနိုင်ရေး အတွက် ရခိုင်အမျိုးသားပါတီမှ စီစဉ်ဆောင်ရွက်လျှက် ရှိနေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly