ဘာစီလိုနာသို့ပြန်ရန် ချယ်လ်ဆီးတိုက်စစ်မှူးပက်ဒရို ဆန္ဒရှိ

ဘာစီလိုနာသို့ပြန်ရန် ချယ်လ်ဆီးတိုက်စစ်မှူးပက်ဒရို ဆန္ဒရှိ

ဇွန် ၁၆၊ လန်ဒန်။               ။ ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်တစ်ရာသီသာ ကစားထားရသေးသည့် တိုက်စစ်မှူးပက်ဒရိုက ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်   ဆွေးနွေးခဲ့သည်ဟု ပြောဆိုလိုက်သည်။

ယူရို ၂၀၁၆ အုပ်စုအဖွင့်ပွဲအဖြစ်ချက်အသင်းကို ၁-၀ ဖြင့်နိုင်သောပွဲတွင် လူစားဝင်ကစားခွင့်ရခဲ့သော စပိန်တိုက်စစ်မှူးပက်ဒရို သည် ပြီးခဲ့သည့်ရာသီ မော်ရင်ဟိုလက်ထက်က ပေါင် ၂၂ သန်းဖြင့် ချယ်လ်ဆီးသို့ပြောင်းခဲ့သေ်ာလည်း ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။

နူးကမ့်မှထွက်ခဲ့ရသည့်အပေါ်နောင်တရစရာမရှိဟု မကြာသေးခင်ကမှပြောထားသော်လည်း ယခုအခါတွင် အသက် ၂၈ နှစ် အရွယ်ကစားသမားက ၎င်းသည် လာလီဂါ ငါးကြိမ်နှင့် ချန်ပီယံလိဂ်သုံးကြိမ်ရရှိဖူးခဲ့သည့် ဘာစီလိုနာအသင်းသို့ ပြန်လည် ပြောင်းရွှေ့ရန်ဖြစ်နိုင်ချေအတွက် ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူနှင့်ဆွေးနွေးခဲ့သည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

“ဘာစီလိုနာကိုပြန်ပြောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ခက်ခဲမယ်ဆိုတာလည်း သိပါတယ်။ အဲဒီအကြောင်းကို ပြီးခဲ့တဲ့ လ ကိုပါဒယ်ရေးဗိုလ်လုပွဲသွားကြည့်တုန်းက ဘာတိုမြူအပါအဝင် ကျွန်တော့်ကိုအလိုရှိသူတွေအားလုံးကို ပြောပြခဲ့ပြီးပါပြီ။

ရှုပ်ထွေးမှာဖြစ်ပေမယ့် ဘာစီလိုနာကိုပြန်ချင်တယ်လို့ ကျွန်တော်အမြဲပြောခဲ့ပြီးသားပါ။ အဲဒီမှာ ၁၁ နှစ်၊ ၁၂ နှစ်လောက်နေခဲ့ဖူး တော့ ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေကလည်း အဲဒီမှာပဲ ရှိနေပါတယ်”ဟု ပက်ဒရိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly