ဆေးရိုးသည်စကား

ဆေးရိုးသည်စကား
ဓာတ်ပုံ-မဇ္ဈိမ

ဗမာပြည်ဟာ သြင်္ကန်အကျော်မှာ ကံပေါ်လေသလားတော့ မသိဘူး။ ဖြစ်လိုက်တဲ့ လှုပ်လှုပ် ခတ်ခတ်တွေ နည်းတာမဟုတ်ဘူး။ အကယ်ဒမီပေးပွဲအလွန်မှာ စတင်တဲ့ ရုပ်ရှင်လောကသားတွေရဲ့ မုန်တိုင်းဟာ ခုရက်ပိုင်းအထိ အကင်းမသေချင်ဘူး။ ရုပ်ရှင်သမားတွေ တွေ့ဆုံရှင်းလင်းပွဲမှာ ဒါရိုက်တာ တစ်ယောက်က မေးတယ်။ အသက်ငါးဆယ်ကျော်မှ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လုပ်ရမယ်ဆိုတဲ့ မူဝါဒ ရှိပါလျက် ငါးဆယ်မကျော်ဘဲ ဘာကြောင့် ဥက္ကဋ္ဌ ဖြစ်ရတာလဲတဲ့။ ဥက္ကဋ္ဌကို တည့်(ဒဲ့)မေးတာပါ။ ဥက္ကဋ္ဌကလည်း တည့်(ဒဲ့)ပဲ ဖြေပါတယ်။ ကျနော်က ရုပ်ချောလို့ ဖြစ်မှာပေါ့တဲ့။ ဥက္ကဋ္ဌအဖြေက နိပ်ပါပေ တယ်။ ရွဲ့ပြောတာပဲလား၊ အရူးကွက်နင်းတာလား ဆိုတာတော့ သူ့ကိုယ်သူပဲ သိမှာပါခင်ဗျာ။ ခုတော့ လည်း နှုတ်ထွက်စာ တင်ပြန်သတဲ့။ ရုပ်မချောတော့လို့ ဥက္ကဋ္ဌ ဆက်မလုပ်ချင်တော့ဘူး ထင်ပါရဲ့။ အော် ပြောတာဆိုတာ လုပ်တာကိုင်တာတွေများ လွယ်လိုက်ကြတာကလားလို့ အဖိုးကြီးအိုလေသံနဲ့ပဲ မောင်မှန် ပြောလိုက်ပါရစေတော့။

ဂီတနယ်ပယ်ကို ကြည့်လိုက်ရင်လည်း ရုတ်ရုတ်သဲသဲပဲ။ အဆိုတော်တွေနဲ့ ပုဂ္ဂလိက ဆီဆိုင် ကြီးတစ်ဆိုင်ရဲ့ အဖြစ်ဟာ ကျော်မကောင်း၊ ကြားမကောင်း ပေါ်ထွက်လာပါတယ်။ ငွေရေးကြေးရေး အရှုပ်အရှင်းတွေပေါ့။ တစ်ခါ မကွေးတိုင်းဒေသကြီး အစိုးရဟောင်းရဲ့ ကျပ်ငွေ ၂.၈ ဘီလီယံကိစ္စ။ (အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ထဲ ပါသွားပြီလား မသိဘူး။ ဘာသတင်းမှ မကြားရတော့ဘူး။) ကျောက်မျက်ရတနာအသင်းကြီးရဲ့ ယူရိုသန်း ၈၀ ကိစ္စ။ ဒီကိစ္စကလည်း အရမ်းဝင်ပါလို့ မဖြစ်ဘူး။ ကျောက်မျက်အသင်းနဲ့ မဆိုင်ဘူး။ ပြပွဲဗဟိုကော်မတီရဲ့ ကိစ္စဆိုသလိုလို၊ စာရင်းမရှိတာ မဟုတ်ဘူး။ စာရင်းရှိတယ်ဆိုသလိုလို အစရှိသဖြင့် စွပ်စွဲသူနဲ့ စွပ်စွဲခံတွေကြားမှာ အပြန်အလှန် ပြောဆိုနေကြတာ အများအသိပါ။ စွပ်စွဲသူတွေဘက်က ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဟောင်းတွေကို စွပ်စွဲထားတာဆို တော့ နှယ်နှယ်ရရ မဟုတ်တန်ဘူး။ စွပ်စွဲခံတွေကလည်း သိတဲ့အတိုင်း ဒင်တွေချည်း။ ထုံးစံအတိုင်း ကော်မရှင်တွေ ဘာတွေလည်း ဖွဲ့တာပဲ။ (ကော်မရှင်တွေ ဘာတွေကလည်း ထုံးစံအတိုင်းပဲ) အခု ဘာအသံမှ သိပ်မကြားရတော့ပြန်ဘူး။ ကြားရလေ့ ကြားရထမရှိတဲ့ အသံမျိုး ရုတ်တရက် ကြားလိုက်ရ လို့သာ ပြည်သူတွေက စိတ်ဝင်တစား ဘာများဖြစ်မလဲရယ်လို့ မျက်စိဖွင့် နားစွင့်ခဲ့ကြတာ။ ဆင်ဖမ်း မယ်၊ ကျားဖမ်းမယ်၊ ဝေလငါးမျှားမယ်ဆိုပြီး ယုန်တောင်ပြေး ခွေးမြောက်လိုက် ဖြစ်နေတာ ခုတော့ သဘောပေါက်သွားပြီ။ စိန်ကောင်းကျောက်ကောင်း ရောင်းတဲ့နေရာမှာ ဆေးရိုးသည် ပြည်သူက ဘာမှ ဝင်မပြောတာ ကောင်းပါတယ်။ မောင်မှန်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပဲလေ။ ပြောကြတာကတော့ အဲဒီငွေတွေဟာ ပြည်သူ့ငွေတွေလို့ ပြောကြတာပါပဲ။ ဒါပေမဲ့လည်း မောင်မှန်တို့ ဟာ ဆေးရိုးသည်က ဆေးရိုးသည်ပါပဲ။ နောက်ပြီး ပနားမား စက္ကူကိစ္စဆိုလား၊ ဘာလား ရှိသေးရဲ့။ ဒါမျိုးကိစ္စကျ ဗမာက ကမ္ဘာကို ရင်ဘောင်တန်းသနော်။ လျှော့တွက်လို့မရဘူး။ (ကျန်တာတွေ မတန်းချင်နေ၊ ဘိန်းတို့ ဆင်းရဲမှုတို့ဆို ထိပ်တန်းကကို မဆင်းဘူး) အဲဒီ ပနားမားစက္ကူထဲမှာ ဗမာပြည်က ဘောစိအကြီးစားကြီးတွေရဲ့ နာမည်တွေပါသတဲ့။ အခွန်ရှောင်တဲ့ စီးပွားရေးဆိုလားပဲ။ (မောင်မှန်တို့ဖြင့် ဘယ်အခွန်မှ ရှောင်မရပါဘူး။ အကုန်ပေးနေရတာပဲ။) မောင်မှန်တော့ ရေရေရာရာ မသိပါဘူး။ မနားမားဆို မောင်မှန်က တူးမြောင်းလောက်ပဲသိတာ။ ပနားမားက စက္ကူထွက်မှန်း အခုမှ သိတာ။ ကိုယ့်နိုင်ငံကလူတွေ နာမည်ပါနေတာ ဂုဏ်ယူစရာလား။ ရှက်စရာလားဆိုတာလည်း မောင်မှန် မသိဘူး။ ပုဂ္ဂလိက ဂျာနယ်တွေ သတင်းစာတွေက ဝိုင်းရေးကြတာကတော့ အစိုးရက စုံစမ်း စစ်ဆေးမှုတွေ လုပ်ရမယ်တဲ့။ အချိန်တောင် တော်တော်ကြာခဲ့ပါပြီ။ ဘာသံမှ မကြားရပါ။ ဒီကိစ္စမှာ လည်း ဆေးရိုးသည်များဟာ ကိုယ့်နေရာကိုယ် သိရပေမပေါ့။

မောင်မှန်တို့ ပြည်သူတွေ လှုပ်လှုပ်ခတ်ခတ် အဖြစ်ရဆုံး ကိစ္စကတော့ ဇွန် ၁၀ ရက်မှာ ဖြစ်ပွား ခဲ့တာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာပေါ့။ သတင်းထောက်တစ်ယောက် က မေးပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်သွားဖို့ ရှိပါသလားတဲ့။ ဟာ အဲဒီသတင်းထောက် ဆရာသမားကို မောင်မှန် ကျေးဇူးတင် လိုက်တာ။ မောင်မှန်တို့တတွေ မကြားရတာ ကြာပြီဖြစ်လို့ မေ့နေတဲ့ စကားရပ် ဘာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတဲ့။ မြန်မာကားတွေထဲကလို ခေါင်းကို အရိုက်ခံရပြီး သကာလ အတိတ်ကို ပြန်သတိရသွားတဲ့ မင်းသားလို အဲဒီ စကားရပ်ကို မောင်မှန် ပြန်သတိရသွားတယ်။ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ သုံးလေးနှစ်လုံးလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအသံ တစ်ပြည်လုံးမှာ ဟိန်းညံနေခဲ့တာ အလွန်ကြီးကျယ်ပါတယ်။ ဒီအသံဟာ အစိုးရသစ်တက်လာပြီးတဲ့နောက် နည်းနည်း ပျောက်သွားတယ်ထင်တယ်။ အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလို၊ (မောင်မှန်ဖြစ်တာကို ပြောပြ တာပါ။ ဘယ်သူ့ကိုမှ ပြောတာ မဟုတ်ပါဘူူး။) အခုတော့ ပြန်သတိရပါပြီ။ လွှတ်တော်ဥက္ကဋ္ဌကြီးက ခုလို ပြန်ဖြေပါတယ်။ "အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာက ခုနပြောသလို ကျနော်တို့နိုင်ငံမှာ တရားဥ ပဒေစိုးမိုးရး ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ ဖြစ်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးတွေ ရပြီးတော့ လုပ်မှသာလျှင် ပိုပြီးတော့ အဆင်ပြေနိုင်မယ်။ ဘယ်လောက်ပဲ majority ဖြစ်ဖြစ် ကျနော် ပြောချင်တာက အမျိုးသား ပြန်လည်သင့်မြတ်မှု မရှိဘဲနဲ့ အမျိုးသားရင်ကြားစေ့မှု မရှိဘဲနဲ့ ရောက်တာ နဲ့ ပြီးပြီးရော လုပ်မယ်ဆိုရင် အောင်မြင်နိုင်မယ်၊ မအောင်မြင်နိုင်ဘူးဆိုတာ အခု သတင်းထောက်ကြီး သိပါတယ်" တဲ့။ ဟုတ်သလိုတော့ အရှိသား။ (အရင်က ကြားခဲ့ဖူးတာတွေနဲ့ ပြောင်းပြန်တော့ ဖြစ်နေသလားပဲ။)

မောင်မှန်ဉာဏ်မှီသလောက် စဉ်းစားကြည့်ပါတယ်။ ဟုတ်ပါပြီ။ ပြည်သူ့လွှွတ်တော် ဥက္ကဋ္ဌ ကြီးပြောသလို တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ အိုကေ စိုပြေသွားပြီ ဆိုပါတော့။ အဲဒီတော့မှဆိုရင် ဖွဲ့စည်းပုံ ပြင်စရာ မလိုတော့ဘူးလေ။ သာယာစို ပြေ ကာရာအိုကေ ဆိုကြရုံ ရှိတော့တာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံး လိုအပ်ချက်တွေဖြစ်တဲ့ အချက်ကြီး ၃ ချက် အဆင်ပြေသွားတော့မှ ဘာလိုသေးလဲ အချစ်ရယ်ပေါ့။ ဆေးရိုးသည်စကား အလေးမထားလည်းနေပါ။ နည်းနည်းတော့ ပြောခွင့်ပေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်လို့ စတင်ပေါ်ပေါက်လာကတည်းက ပြည်သူတွေရဲ့ အလိုဆန္ဒအပေါင်းနဲ့ ကွဲလွဲ ဆန့်ကျင်နေခဲ့တာပါ။ ကောင်းမြတ်သော ကိစ္စများ ဆောင်ရွက်ရာမှာ ဒီအခြေခံ ဥပဒေဟာ အဟန့်အတား ဖြစ်နေတယ်လို့ တစ်ပြည်လုံးက နားလည် သဘောပေါက်ခဲ့ကြတာပါ။ ဒီဥပဒေကို အရင်မပြင်ဘဲ ကောင်းမြတ်တာတွေ ရနိုင်ပြီဆိုရင်တော့ ၂၀၀၈ ကို သူ့အတိုင်းသာ ထားလိုက်ပါစို့လား ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly