ပျောက်ဆုံး အီဂျစ်လေယာဉ်၏ အပျက်အစီးအချို့ကို ရှာတွေ့ပြီဟု ဆို

ပျောက်ဆုံး အီဂျစ်လေယာဉ်၏ အပျက်အစီးအချို့ကို ရှာတွေ့ပြီဟု ဆို
 

ဇွန် ၁၆ ။              ။ ယမန်လက မြေထဲပင်လယ်တွင် ပျက်ကျခဲ့ပြီး ပျောက်ဆုံးနေခဲ့သော အီဂျစ်လေယာဉ်မှ အပျက်အစီး အစိတ်အပိုင်းအချို့ကို ယခုအခါ ရှာဖွေတွေ့ရှိခဲ့ပြီဟု အီဂျစ် စုံစမ်းစစ်ဆေးရေးသမားများက ဇွန်လ ၁၅ ရက်တွင် ပြောကြားသည်။

တစ်လနီးပါးကြာ လေယာဉ်ပျက် ရှာဖွေရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော ပြင်သစ်သင်္ဘောတစ်စီးက မြေထဲပင်လယ်ရှိ နေရာအများအပြားတွင် ပြန့်ကျဲနေသော လေယာဉ်မှ အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အီဂျစ် စုံစမ်းရေး ဘုတ်အဖွဲ့က ထုတ်ပြန်သည်။

အီဂျစ်လေကြောင်းလိုင်းမှ Airbus A320 လေယာဉ်သည် မေလ ၁၉ ရက်က ပါရီမှ ကိုင်ရိုသို့ ပျံသန်းလာရာ လမ်းကြောင်းပေါ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၆၆ ဦးလိုက်ပါလာခဲ့သည်။

ယင်းနောက် လေယာဉ်မှာ မြေထဲပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ကာ ရှာဖွေရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်းကာ လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
 လေယာဉ်ပျောက်ရှာပုံတော်တွင် ပါဝင်ရန် အီဂျစ်နိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ်ကမှ ရောက်ရှိလာခဲ့သော ပြင်သစ်သင်္ဘော "Joh Lethbridge" သည် ရေအောက်ရှာဖွေရေးစက်ရုပ်တစ်ရုပ်ကိုသုံးကာ သဘောၤပျက်ကို မြေထဲပင်လယ်တွင် ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အပျက်အစီးများကို ရှာဖွေထားပြီးဖြစ်သဖြင့် ယင်းအဖြစ်ဆိုးမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သို့မဟုတ် စက်ချို့ယွင်းခြင်းကြောင့် ဖြစ်ရသည်လားဆိုသည်ကို မကြာမီ သိရှိနိုင်တော့မည်ဟု စုံစမ်းစစ်ဆေးရေးသမားများက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly