ယူကရိန်းမှ ရုရှတပ်များ ထွက်သွားရေး နေတိုးတောင်းဆို

ယူကရိန်းမှ ရုရှတပ်များ ထွက်သွားရေး နေတိုးတောင်းဆို

ဘရပ်ဆဲလ်၊ ဇွန် ၁၆ ။             ။ ယူကရိန်းနိုင်ငံမှ တပ်ဖွဲ့များနှင့် စစ်လက်နက်ပစ္စည်းများကို ရုရှနိုင်ငံအနေဖြင့် ပြန်လည်ရုပ်သိမ်းပြီး ရုရှကို ထောက်ခံသော ခွဲထွက်ရေးသမားများကို အထောက်အပံ့ပြုနေခြင်းများ ရပ်တန့်ရန် နေတိုးအကြီးအကဲ ဂျင်စတောတန်ဘတ်က ဇွန် ၁၅ ရက်တွင် ပြောလိုက်သည်။

"ယူကရိန်းပိုင်နက်ထဲကနေ တပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေကို ရုပ်သိမ်းပြီး သူပုန်တွေကို ထောက်ပံ့နေခြင်းကိုလည်း ရပ်တန့်ပစ်ဖို့ ရုရှနိုင်ငံအနေနဲ့ လိုအပ်ပါတယ်။"ဟု ဘရပ်ဆဲလ်တွင် ကျင်းပသည့် ယူကရိန်းကာကွယ်ရေးဝန်ကြီးနှင့်အတူ နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် စတောတန်ဘတ်က ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်များအနေဖြင့် ယူကရိန်းအစိုးရဖက်က ဆက်လက်ရပ်တည်သွားပြီး ခရိုင်းမီးယားအား ရုရှ၏ ကျုးကျော်မှုအပေါ် မည်သည့်အခါမျှ အသိအမှတ်ပြုသွားမည်မဟုတ်ကြောင်းလည်း နေတိုးအကြီးအကဲက ပြောသည်။

“ရုရှရဲ့ လုပ်ရပ်အပေါ် တုံ့ပြန်ဖို့ နေတိုးအနေနဲ့ ယူကရိန်းကို ဆက်လက်ထောက်ကူပြုပေးသွားမှာပဲဖြစ်တယ်။ ယူကရိန်းအပေါ် မဟာမိတ်သဘောက ၂၀၁၄ ကစပြီး မကြုံစဖူး ခိုင်မာခဲ့ပြီလည်းဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ရုရှသည် နည်းလမ်းပေါင်းစုံဖြင့် ယူကရိန်းသူပုန်များကို ဆက်လက်ထောက်ပံ့နေကြောင်း၊ ပစ္စည်းပစ္စယအကူအညီများ၊ အကြံဉာဏ်များနဲ့ ယူကရိန်းနယ်စပ်မှာ စစ်တပ်ချထားပြီး ခရိုင်းမီးယားမှာလည်း ရုရှစစ်တပ်ကို တည်ဆောက်ထားကြောင်း စတောတန်ဘတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly