"တရားစွဲဆိုခံထားရသော တောင်သူ ရ ဦးအား စွဲချက်တင်အမိန့်ချ"

"တရားစွဲဆိုခံထားရသော တောင်သူ ရ ဦးအား စွဲချက်တင်အမိန့်ချ"
(ဓာတ်ပုံ- မဇ္ဈိမ)
 

မန္တလေး၊ဇွန် ၁၅ ။           ။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တရားရုံးမှ ဇွန်လ ၁၅ရက်၊ မွန်းလွဲ ၂ နာရီခွဲက ထွန်တုံးတိုက်ပွဲဝင်၍ သိမ်ဆည်းလယ်ယာမြေများပြန်လည်ရယူ ခဲ့သော ဒေသခံတောင်သူ ၇ ဦးကို ပုဒ်မ ၄၄၇၊၁၉၄တို့ဖြင့် စွဲချက်တင်အမိန့်ချလိုက်သည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ၁၉၇၃ခုနှစ်တွင် စွန်ရဲအုပ်စု၊ ရှမ်းကန်၊ ရွာသစ် ၊ကျောက်ကုန်း၊ အင်းကုန်းကျေးရွာတို့မှဒေသခံတောင်သူများ စိုက်ပျိုးနေသည့် လယ်မြေဧက ၂၆၅၀ဧကကို သိမ်းယူခဲ့ပြီး မည်သည့်စီမံကိန်းမှဆောင်ရွက်ခြင်းမရှိဘဲ ဧက ၁၅၀၀ ကို မုဒုံမောင်မောင် ကုမ္ပဏီသို့ချထားပေးခဲ့ခြင်းကြောင့် ဒေသခံတောင်သူများက စုပေါင်း၍ ၂၀၁၅ခုနှစ်မှစတင်ကာ ထွန်တုံးတိုက်ပွဲဝင် ပြန်လည်သိမ်းယူခဲ့ကြခြင်းဖြစ်သည်ဟု တရားစွဲဆိုခံထားရသူ ဦးသောင်းနွဲ့ကပြောသည်။

"ဘာမှ မစိုက်လို့ ကိုယ့်လယ်ကို ကိုယ်ပြန်ယူတယ်။ ကုမ္ပဏီနဲ့စိုက်ပျိုးရေးဌာနက တရားစွဲတယ်။ ဒီနေ့စွဲချက်အမိန့်ချတယ်။ ကျွန်တော်တို့တောင်သူတွေကတော့ မြေပြန်ရအောင် ဆက်တိုက်ပွဲဝင်နေမှာပဲ။"ဟု ဦးသောင်းနွဲ့ကပြောသည်။

တရားစွဲခံထားရသူ ဦးသိန်းကလည်း"အသက်ကြီးမှ တရားစွဲခံရတယ်။ စိုက်ပျိုးရေးက လူကြီးကလည်း လိမ်ပြီးထွက်ဆိုတယ်။ အဘတို့ကတော့ အမှန်တရားအတွက် အသက်ပေးပြီးသားပဲ။ ကိုယ့်မြေကိုယ်ပြန်ယူတာ အပြစ်ရှိလား။ စိုက်ပျိုးရေးဌာနကလည်း ဘာမှစိုက်မထားဘူး။ တောထနေတာတွေကို ခုတ်ထွင်ပြီးမှ ဝင်စိုက်ခဲ့ကြတယ်။ တရားကနတ်စောင့်ပါတယ်။"ဟုပြောသည်။

တရားစွဲဆိုခံထားရသည့်တောင်သူများအမှုကို အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက"တရားစွဲအဖွဲ့စည်းကတော့ တရားရေးကိုဖိအားပေးတဲ့ သဘောမှာရှိတယ်။ ဘာဆိုတာကိုတော့ပြောလို့မရသေးဘူး။ တောင်သူတွေက ဘာမှမရှိတဲ့မြေပေါ်ကိုဝင်စိုက်တာပါ။ ဝင်စိုက်မှတရားစွဲခံရတာပါ။ ဒီနေ့ စွဲချက်အမိန့်ချပါတယ်။"ဟုပြောသည်။

စဉ့်ကိုင်မြို့နယ်တရားရုံးမှ ဇွန်လ ၂၉ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly