အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး တိုက်ဖျက်ရေးနေ့တွင် ယခင်နှစ်ထက် မူးယစ်ဆေးဝါး ၃ဆ ပိုဖျက်နိုင်မည်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး တိုက်ဖျက်ရေးနေ့တွင် ယခင်နှစ်ထက် မူးယစ်ဆေးဝါး ၃ဆ ပိုဖျက်နိုင်မည်
ဓာတ်ပုံ-သူရ မဇ္ဈိမ
 

ရန်ကုန်၊ ဇွန် ၁၅ ။             ။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဇွန်လ ၂၆ရက်တွင် မူးယစ်ဆေးဝါးများကို နှစ်စဉ်ဖျက်ဆီးခဲ့ရာ ယခုနှစ်တွင် ဖျက်ဆီးမည့် ပမာဏသည် ယမန်နှစ်ထက် သုံးဆပိုများမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။

“မနှစ်ကထက် မီးရှိ့ဖျက်ဆီးမဲ့ပမာဏက ၃ဆပိုများလာတယ်” ဟု ရဲမှူးချုပ် ဝင်းနိုင်က ပြောသည်။

ဇွန်လ ၂၆ရက်တွင် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ရာ ဘိန်းဖြူ ဝ.၁၄၃၉၆၂ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား - ၂၄ သိန်း ၆၈၉၄ ပြား၊ အိုင့်စ် (Ice) - ၁၄၃.၄၀၉၅၃ ကီလိုဂရမ်၊ ဆေးခြောက် - ၂၆.၉၇၄၈၆၉ ကီလိုဂရမ်၊ ဘိန်းဆန်မှုန့် - ၂၁၃.၆၀၆ ကီလိုဂရမ် တို့ဖြစ်သည်။ သို့သော် စာရင်းအတိအကျကိုမူ မသိရှိရသေးပေ။

ထိုနေ့တွင် မီးရှို့ဖျက်ဆီးရန် အောက်မြန်မာပြည်မှ မူးယစ်ဆေးဝါးများကို အဓိကထား လက်ခံအပ်နှံမည်ဖြစ်ပြီး ဇွန်လ ၈ရက်မှ ၁၅ရက်အထိ အပ်နှံမှုများကို လက်ခံလျက်ရှိသည်။ လက်ရှိတွင် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းတို့မှ လက်ခံရရှိထားကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် တိုင်း နှင့် ပြည်နယ် အားလုံးတွင် ရက် ၁၀၀ စီမံချက်ဖြင့် တိုက်ဖျက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly