မြန်မာ့ခေတ်ဂျာနယ်တိုက်အား အာဏာပိုင် ၃၀ ခန့် ဝင်ရောက်စစ်ဆေးကာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခဲ့

မြန်မာ့ခေတ်ဂျာနယ်တိုက်အား အာဏာပိုင် ၃၀ ခန့် ဝင်ရောက်စစ်ဆေးကာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခဲ့

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့ခေတ်ဂျာနယ်တိုက်ကို ဇူလိုင် ၆ ရက် ည ၁၂နာရီက အာဏာပိုင် ၃၀ ခန့်က ဝင်ရောက်စစ်ဆေးပြီး ဂျာနယ်တိုက်အတွင်းပိုင်းအား ဗီဒီယို၊ ဓာတ်ပုံတို့ပါ ရိုက်ကူးခဲ့သည်ဟု မြန်မာခေတ်ဂျာနယ်တိုက်မှ အယ်ဒီတာချုပ် ဦးမြင့်ဆန်းက မဇ္ဈိမကို ပြောသည်။

လူအယောက် ၃၀ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ယူနီဖောင်းဝတ်ဆင်သူ လေးဦးတု့ိနှင့်အတူ မြေညီထပ်ရှိ မြန်မာ့ခေတ်စာအုပ်တိုက်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး တတိယအထပ်ရှိ မြန်မာ့ခေတ် ဂျာနယ်တိုက်ကိုပါ ဝင်ရောက်စစ်ဆေး ဗီဒီယို၊ ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းက ကျွန်တော်တို့ မြန်မာခေတ်စာအုပ်တိုက်ကို ကျောင်းသားခေါင်းဆောင်တွေ လာတတ်တယ်ဆိုပြီးတော့ လာစစ်တာပါ။ တတိယထပ်မှာရှိတဲ့ ဂျာနယ်တိုက်ကိုပါ တက်ရှာတယ်။ ရုံးကပိတ်ထားတော့ မန်နေဂျာတစ်ယောက်ပဲရှိတယ်။ သူ့ကိုတံခါးဖွင့်ခိုင်းပြီးတော့ အိမ်သာပါမကျန် ဓာတ်ပုံတွေ၊ ဗီဒီယို တွေပါ ရိုက်ကူးသွားတယ်၊ ကျွန်တော်တို့ သတင်းအေဂျင်စီအနေနဲ့ ဒီလိုမျိုး အခန်းတစ်ခန်းထဲကို သီးသန့်ဘာမှပြသခြင်းမရှိဘဲ ဝင်ရောက်စစ်ဆေးတာကို ကျွန်တော်တို့လက်မခံနိုင်ပါဘူး” ဟု ၎င်းကပြောခဲ့သည်။

မြန်မာခေတ်ဂျာနယ်တိုက်မှ ဝန်ထမ်းများကို ဇူလိုင် ၇ ရက် မနက် ၁၀ နာရီတွင် အုပ်ချုပ်ရေးမှူးရုံး၌ ညသန်းခေါင်း ၁၂ နာရီခန့် ဝင်ရောက်စစ်ဆေးခြင်းကို ဧည့်စာရင်းစစ်ကြောင်း ဝန်ခံသည့် လက်မှတ်ရေးထိုင်းခိုင်းခဲ့ပြီး ညနေ ၅ နာရီတွင် သတင်းထောက်အပါအဝင် ဝန်ထမ်းစုစုပေါင်း ၂၀ ခန့်အား  ဝန်ထမ်းကဒ်နှင့်အတူ ပူးတွဲပြသရမည်ရန် အကြောင်းကြားထားသည်ဟု ဆိုသည်။ 

ယင်းဖြစ်စဉ်အား မြန်မာ့ခေတ်က ပြန်လည်ဖြေရှင်းသွားမည်ဟု ဆိုသည်။ အသေးစိတ်ကိုမူ မသိရှိရသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly