လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ ဓားမြှောင်ကို ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းရန် ကြိုးပမ်းသည့် တူရကီ နိုင်ငံသား ဖမ်းဆီးခံရ

လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ ဓားမြှောင်ကို ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းရန် ကြိုးပမ်းသည့် တူရကီ နိုင်ငံသား ဖမ်းဆီးခံရ

ဇွန် ၁၅ ။             ။ လစ်ဗျား အာဏာရှင် ကဒါဖီ ပိုင်ဆိုင်ခဲ့သည့် ဒေါ်လာသန်းပေါင်းများစွာတန် ဓါးမြှောင်တစ်လက်ကို ယခုအခါ တူရကီ ရဲများက သိမ်းဆည်းရမိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စိန်၊ ပတ္တမြား၊ နီလာ၊ မြ စသည့် အဖိုးတန်ကျောက်မျက်များ ကွပ်ထားသည့် ဆင်စွယ်ရောင် ဓါးမြှောင်ကို တူရကီ နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အစ္စတန်ဘူလ် မှောင်ခိုဈေးတွင် ရောင်းချရန် ကြိုးပမ်းခဲ့ရာမှ ယခုကဲ့သို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အာဏာရှင် ကဒါဖီအား ဖြုတ်ချသည့် လစ်ဗျား တော်လှန်ရေးကာလအတွင်း ၎င်း၏ အိမ်တော်တစ်ခုဆီမှ ခိုးယူခံထားရခြင်းဖြစ်သည်။ ယင်းဓါးမြှောင်ကို အထက်ပါ ဖမ်းဆီးခံရသော တူရကီလုပ်ငန်းရှင်က ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ဝယ်ယူထားခဲ့သည်ဟု သိရသည်။ ယခုအခါ ၎င်းက တစ်ဖန် ဒေါ်လာ ၁၀ သန်းဖြင့် ပြန်လည်ရောင်းချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အထက်ပါ တူရကီနိုင်ငံသားနှင့် အပေါင်းပါနှစ်ဦးတို့အား အစ္စတန်ဘူလ်ရှိ Esenyurt ဒေသတွင် ထိန်းသိမ်းခံခဲ့ရသည်။

ယင်း တန်ဖိုးကြီး ဓါးမြှောင်၏ မူလပိုင်ရှင် ကဒါဖီမှာ ၁၉၆၉ ခုနှစ်ကတည်းက မြောက်အာဖရိကန် နိုင်ငံ လစ်ဗျားတွင် စတင်အုပ်ချုပ်နေခဲ့ခြင်းဖြစ်ပြီး နှစ်ကာလများစွာကြာ အုပ်ချုပ်နေခဲ့သူဖြစ်သည်။ ယင်းနောက် ၂၀၁၁ အောက်တိုဘာတွင် ၎င်းကို ဖြုတ်ချသည့် တော်လှန်ရေးကာလအတွင်း အသတ်ခံရ၍ သေဆုံးသွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly