ဇွန် ၁၅၊ ဘရာဇီး။ ။ ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် ဘရာဇီးအသင်းသည် နည်းပြဒွန်ဂါကို ရာထူးမှထုတ်ပယ်လိုက်သည်။
ဘရာဇီးအသင်းသည် အုပ်စုအဆင့်တွင် ဟေတီကို ၇-၁ ဖြင့်နိုင်ခဲ့သော်လည်း အီကွေဒေါကိုသရေကျပြီး ပီရူးကိုရှုံးခဲ့သဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ဒွန်ဂါ၏နေရာတွင် ကိုရင်သီယန်နည်းပြ တိုက် နှင့်အစားထိုးမည်ဟုယူဆရပြီး တိုက် သည် ဘရာဇီးနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အိုလံပစ်ပွဲတွင် နည်းပြအဖြစ်တာဝန်ယူရဖွယ်ရှိနေသည်။
ဘရာဇီးအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ရလဒ်မကောင်းသဖြင့် ဒွန်ဂါမှာ ကိုပါအမေရိကရာပြည့်ပြိုင်ပွဲကို ဖိအားများ ဖြင့် ဝင်ပြိုင်ခဲ့ရသည်။
အမေရိကန်တွင်ကျင်းပသောပြိုင်ပွဲ၌ ဘရာဇီးအသင်းရလဒ်မကောင်းခြင်းက ဒွန်ဂါကို ရာထူးမှထုတ်ခံရစေခဲ့သည်။
“ဘရာဇီးလက်ရွေးစင်အသင်းရဲ့နည်းစနစ်ပိုင်းကိုဖြေရှင်းဖို့အတွက် ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ကြေညာချက်ထုတ် လိုက်ပါတယ်။
အသင်းရဲ့အကြံပေး ရီနယ်ဒီ၊ နည်းပြ ဒွန်ဂါနဲ့သူ့ရဲ့နည်းပြအဖွဲ့ဟာ ရာထူးကိုစွန့်ခွာရမှာဖြစ်ပါတယ်။ ဘရာဇီးအသင်းအတွက် နည်းပြအဖွဲ့သစ်ကို ခန့်အပ်သွားမှာပါ”ဟု ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။
Ref; Daily Mail