ပြင်သစ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဇနီးဖြစ်သူတို့အား အိုင်အက်စ် သစ္စာခံသူတစ်ဦးက ဓါးဖြင့် ထိုးသတ်ခဲ့ဟုဆို

ပြင်သစ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဇနီးဖြစ်သူတို့အား အိုင်အက်စ် သစ္စာခံသူတစ်ဦးက ဓါးဖြင့် ထိုးသတ်ခဲ့ဟုဆို

ဇွန် ၁၄ ။               ။ ပြင်သစ် နိုင်ငံ ပါရီမြို့တွင် ဇွန်လ ၁၃ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့အား လူတစ်ဦးက ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်သွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူသတ်မှု ကျူးလွန်သွားသူ အမျိုးသားမှာ အိုင်အက်စ်အုပ်စုအပေါ် သစ္စာခံသူဖြစ်ကြောင်းနှင့် ၎င်းမှာလည်း ယခုအခါ ပါရီ ရဲတပ်ဖွဲ့၏ သုတ်သင်ရှင်းလင်းမှုကြောင့် သေဆုံးသွားခဲ့ပြီဟု သိရသည်။

ယင်းနေ့ညပိုင်းက ပါရီမြို့ရှိ နေအိမ်တွင် အထက်ပါ ရဲဝန်ထမ်း မောင်နှံနှစ်ဦး အသတ်ခံရမှုဖြစ်စဉ်နောက်ပိုင်း ယခုအခါ စုံစမ်းစစ်ဆေးမှုများကို အာဏာပိုင်များက လုပ်ဆောင်နေပြီဖြစ်သည်။

ယခု တိုက်ခိုက်မှုကို ကျူးလွန်သွားသူ အမျိုးသားမှာ အိုင်အက်စ်အဖွဲ့သားတစ်ဦးပင်ဖြစ်ကြောင်း သတင်းအေဂျင်စီတစ်ခုကလည်း ထုတ်ပြန်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားမှုအပေါ် မျက်မြင်တွေ့ရှိသူများ၏ အဆိုအရ လူသတ်သမားမှာ ရဲဝန်ထမ်းကို ၎င်း၏နေအိမ်အပြင်ဘက်တွင် ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးပြီး "ဘုရားရှင်က အကြီးမြတ်ဆုံး" ဟု အော်ဟစ်သွားခဲ့ကြောင်းနှင့် နောက်ပိုင်း ရဲဝန်ထမ်း၏ အမျိုးသမီးဖြစ်သူနှင့် သုံးလသားအရွယ်ကလေးတို့ရှိရာ အိမ်ထဲသို့ ဝင်သွားခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။

ယင်းနောက် ရဲများ ရောက်ရှိလာကာ ၎င်းအား ရှင်းလင်းနှိမ်နင်းရာတွင်မူ ရဲဝန်ထမ်း၏ အမျိုးသမီးဖြစ်သူလည်း အသတ်ခံလိုက်ရပြီး ၎င်းလူသတ်သမားအား အသေပစ်ခတ်ဖမ်းဆီးခဲ့ရသည်။

အထက်ပါ ရဲဝန်ထမ်းမောင်နှံနှစ်ဦး၏ ကလေးငယ်လေးမှာမူ ထိခိုက်ဒဏ်ရာမရရှိခဲ့ဟု သိရသည်။

ယင်းနေ့ညပိုင်းက ယင်း လူသတ်သမားမှာ အလုပ်မှ အိမ်ပြန်လာသော ရဲဝန်ထမ်းကို ဓါးဖြင့် ထိုးသတ်ပြီးနောက် ရဲဝန်ထမ်း၏ ဇနီးဖြစ်သူနှင့် ကလေးတို့အား ဓါးစာခံဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ယခုကဲ့သို့ သုတ်သင်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘရန်ဒက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly