ကနေဒါနိုင်ငံသား ဓါးစာခံကို အဘူဆေယက်ဖ် စစ်သွေးကြွတို့ သတ်ဖြတ်လိုက်ပြီဟု ဖိလစ်ပိုင်အတည်ပြု

ကနေဒါနိုင်ငံသား ဓါးစာခံကို အဘူဆေယက်ဖ် စစ်သွေးကြွတို့ သတ်ဖြတ်လိုက်ပြီဟု ဖိလစ်ပိုင်အတည်ပြု

ဇွန် ၁၄ ။               ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဝေးလံသော ကျွန်းပေါ်တွင် အခြေချနေသည့် အဘူဆေရက်ဖ် စစ်သွေးကြွတို့ ဓါးစာခံအဖြစ် ဖမ်းဆီးထားသော ကနေဒါနိုင်ငံသားတစ်ဦးမှာ ယခုအခါ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်တို့က အတည်ပြုပြောကြားသွားသည်။

အဆိုပါ ကနေဒါနိုင်ငံသားမှာ အခြားသုံးဦးနှင့်အတူ ပြီးခဲ့သည့် ၂၀၁၅ စက်တင်ဘာလကတည်းက စစ်သွေးကြွများ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဘူ ဆေရက်ဖ် စစ်သွေးကြွတို့က ဒုတိယမြောက် ကနေဒါနိုင်ငံသား ဓါးစာခံတစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒီက ဇွန်လ ၁၃ ရက်တွင် ပြောကြားသွားသည်။

" ကနေဒါ နိုင်ငံသား မစ္စတာ ရောဘတ်ဟောကို ခုလိုမျိုး အဓိပ္မါယ်မဲ့ ရက်ရက်စက်စက် သတ်ဖြတ်လိုက်တာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုပါတယ်" ဆိုပြီး ဖိလစ်ပိုင် သမ္မတ ဘစ်နီနို အကွီနိုက ပြောကြားသည်။

ဇွန်လ ၁၃ ရက်က ဝေးလံသော တောင်ပိုင်းကျွန်းပေါ်ရှိ ကက်သလစ်ဘုရားကျောင်းတစ်ခုအနီးတွင် ဦးခေါင်းပြတ်တစ်ခု တွေ့ရှိထားကြောင်း ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဖိလစ်ပိုင်တောင်ပိုင်းတွင် အခြေချလှုပ်ရှားနေသော အဘူဆေရက်ဖ် စစ်သွေးကြွအုပ်စုသည် ကနေဒါနိုင်ငံသား ဟောကို အခြား သုံးဦးနှင့်အတူ နိုင်ငံ၏ ဝေးလံခေါင်းပါးသောအရပ်တွင် ဖမ်းဆီးထိန်းသိမ်း ထားခဲ့ခြင်းဖြစ်သည်။

အခြား ကနေဒါ နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျွန် ရစ်စဒယ်ဆိုသူကိုလည်း စစ်သွေးကြွများက ဧပြီလကတည်းက သတ်ဖြတ်ထားခဲ့ပြီဖြစ်သည်။ လက်တစ်လောတွင် ယင်း စစ်သွေးကြွအုပ်စုသည် နော်ဝေနိုင်ငံ သားတစ်ဦးနှင့် ဖိလစ်ပိုင် နိုင်ငံသားတစ်ဦးတိ့ုကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ဖိလစ်ပိုင်တောင်ပိုင်းတွင် အခြေစိုက်နေသော အထက်ပါ အဘူဆေရက်ဖ် စစ်သွေးကြွအဖွဲ့သည် ပြန်ပေးဆွဲခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းနှင့် ငွေညှစ်တောင်းခံခြင်း စသည်လုပ်ရပ်များဖြင့် နာမည်ဆိုးထွက်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly