နေမာ၏အပြောင်းအရွှေ့အတွက် ဒဏ်ငွေဆောင်ရန် ဘာစီလိုနာ သဘောတူ

နေမာ၏အပြောင်းအရွှေ့အတွက် ဒဏ်ငွေဆောင်ရန် ဘာစီလိုနာ သဘောတူ

ဇွန် ၁၄၊ စပိန် ။                ။ ၂၀၁၃ ခုနှစ်က ဘရာဇီးတိုက်စစ်မှူးနေမာကို ခေါ်ယူခဲ့သည့် အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ဘာစီလိုနာအသင်းက ဒဏ်ငွေ ယူရို ၅ ဒသမ ၅ သန်း ပေးဆောင်ရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။

နေမာကို ခေါ်ယူခဲ့စဉ်က ဘာစီလိုနာအသင်းသည် အခွန်ရှောင်ရှားလိုသည့်အတွက် ပေးချေခဲ့ရသည့် တန်ဖိုးထက်လျှော့ပြီး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဒဏ်ငွေမပေးဆောင်ပါက ထိုကိစ္စရပ်မှာ တရားစွဲဆိုခံရဖွယ်ရှိနေခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ဒဏ်ငွေပေးဆောင်လိုက်ခြင်းသည် အသင်းအတွက် အကောင်းဆုံးဖြစ်ကြောင်း ပြောသည်။ ‘နေမာရဲ့ အပြောင်းအရွှေ့ကိစ္စရပ်က အချိန်အကြာကြီး အခုလိုဖြစ်နေတာထက် ဒဏ်ငွေပေးဆောင်လိုက်တာက အသင်းအတွက် အကောင်းဆုံးပါပဲ’ ဟု ဘာတိုမြူက ပြောသည်။

ဘာစီလိုနာအသင်းကလည်း ထိုကိစ္စရပ်မှာ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အတွင်း အသင်း၏ အခွန်ဆိုင်ရာအစီအစဉ်များနှင့် ပတ်သက်ပြီးမှားယွင်းမှုဖြစ်ကြောင်းဝန်ခံခဲ့ပြီး အပေါင်းလက္ခဏာဆောင်သည့် သဘောတူညီမှုဖြစ်ကြောင်း ကြေညာခဲ့သည်။

နေမာသည် ဘာစီလိုနာအသင်းတွင် ကစားခဲ့သည့် သုံးနှစ်အတွင်း ၁၄၁ ပွဲကစားပြီး ၈၅ ဂိုးသွင်းယူပေးထားကာ လာလီဂါဖလားနှစ်လုံးနှင့် ချန်ပီယံလိဂ်ဖလားတစ်လုံးအပါအဝင် ဆုဖလားပေါင်း ၈ လုံး ရရှိထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly