ကာတာတွင် သားမယားပြုကျင့်ခံရ၍ အမှုတိုင်သည့် နယ်သာလန်အမျိုးသမီးအား အိမ်ထောင်ပြင်ပ လိင်ဆက်ဆံသည်ဆိုကာ တရားရုံးက ပြစ်ဒဏ်ချမှတ်

ကာတာတွင် သားမယားပြုကျင့်ခံရ၍ အမှုတိုင်သည့် နယ်သာလန်အမျိုးသမီးအား အိမ်ထောင်ပြင်ပ လိင်ဆက်ဆံသည်ဆိုကာ တရားရုံးက ပြစ်ဒဏ်ချမှတ်

ဒိုဟာ၊ ဇွန် ၁၃ ။               ။ ကာတာနိုင်ငံတွင် နယ်သာလန်အမျိုးသမီးတစ်ဦးသည် သားမယားပြုကျင့်ခံရသည်ဟု ရဲကိုလာတိုင်ထားသည့် အမှုတွင် တရားရုံးက ၎င်းအမျိုးသမီးအား အိမ်ထောင်ပြင်ပ လိင်ဆက်ဆံသည်ဆိုကာ ပြစ်ဒဏ်ပြန်လည်ချမှတ်လိုက်သည်။

အသက် ၂၂ နှစ်အရွယ် နယ်သာလန်အမျိုးသမီးဖြစ်သူကို ဆိုင်းငံ့ပြစ်ဒဏ်နှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၈၂၄ ဒေါ်လာ ပေးဆောင်ရန် တရားရုံးက အမိန့်ချခြင်းဖြစ်သည်။ ထိုပြင် ပြည်ဒဏ်နှင်လည်း ပေးမည်ဖြစ်သည်။

အမှုဖြစ်ပွားမှုက မတ်လအတွင်းကဖြစ်ကာ နယ်သာလန်သူသည် ဒိုဟာရှိ ဟိုတယ်တစ်ခုတွင် သောက်စားစဉ်၌ ဆေးခပ်ခံခဲ့ရကြောင်း၊ နိုးထလာသည့် အချိန်တွင် တစ်စိမ်းတစ်ဦး၏ တိုက်ခန်းတွင် ရောက်နေပြီး သားမယားပြုကျင့်ခံရသည်ကို သိလိုက်ရခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

သားမယားပြုကျင့်သည်ဟု စွပ်စွဲခံရသူက သားမယားပြုကျင့်ခြင်း မဟုတ်ဘဲ နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။ ၎င်းကိုလည်း အိမ်ထောင်ပြင်ပ လိင်ဆက်ဆံသည်ဟုဆိုကာ ကြိမ်ဒဏ် တစ်ရာ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြင်လည်း အရက်သေစာ သောက်စားမှုအတွက် ကြိမ်ဒဏ် ၄၀ ထပ်ချမှတ်ခံရဦးမည်လည်းဖြစ်သည်။

နယ်သာလန်အမျိုးသမီးဖြစ်သူကို အမှုလာတိုင်သည့် လွန်ခဲ့သည့်သုံးလကတည်းက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သော်လည်း သူမ၏ မိသားစုများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ အမှုနှင့် ပတ်သက်ပြီး အများသိစေမည်ဟု ဆုံးဖြတ်ခဲ့၍ ယခုကဲ့သို့ သိရှိရခြင်းဖြစ်သည်။

ကာတာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးက တရားရုံး၏ ပြစ်ဒဏ်စီရင်မှုကို ကြားသိပြီးနောက် ယင်းနယ်သာလန်အမျိုးသမီးကို ဖြစ်နိုင်သမျှ ကာတာနိုင်ငံတွင်းမှ အမြန်ထွက်သွားနိုင်ရေးအတွက် အစစအရာရာ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly