တရားလွှတ်တော်ရှေ့နေလိုင်စင်လျှောက်ထားရန် ကြန့်ကြာမှုကြောင့် ရှေ့နေများ အခက်ကြံုနေဟုဆို

တရားလွှတ်တော်ရှေ့နေလိုင်စင်လျှောက်ထားရန် ကြန့်ကြာမှုကြောင့် ရှေ့နေများ အခက်ကြံုနေဟုဆို

ရန်ကုန်၊ ဇွန် ၁၃ ။              ။ တရားလွှတ်တော်ရှေ့နေ လိုင်စင်လျှောက်ထားမှု ကြန့်ကြာမှုများကြောင့် ရှေ့နေများအခက်တွေ့နေရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကိုပြောသည်။ တရားလွှတ်တော်လိုင်စင် လျှောက်ထားရာတွင် ကြန့်ကြာမှုကြောင့် ရှေ့နေများတင်မက အမှုသည်များပါ နစ်နာရသည်ဟုလည်း ၎င်းက ပြောသည်။

“ဘယ်သူကနစ်နာတာလဲ တရားရေးကဏ္ဍက မနစ်နာဘူး၊ နစ်နာတာက ရှေ့နေတွေ နစ်နာတယ်။ ရှေ့နေ နစ်နာတော့ အမှုသည်တွေနစ်နာတယ်။ အမှုအတွက် အထက်တန်းရှေ့နေငှားထားတယ်။ အမှုက တရားလွှတ်တော်ကို တက်ဖို့လိုရင် တရားလွှတ်တော်ရှေ့နေကိုပြောင်းငှားရတော့ ပိုကုန်တယ်။”ဟု ၎င်းကပြောသည်။

နေပြည်တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရှေ့နေရှေ့ရပ်လိုင်စင်ကို ၂၀၁၄ခုနှစ်ကတည်းက လျှောက်ထားခဲ့သော်လည်း ယခုထိ လိုင်စင်မရသေးသည့် အထက်တန်းရှေ့နေ ဒေါ်သဇင်အေးက "သွားမေးရင် ကျတော့မယ်လို့ပြောတာကလွဲလို့ ကျန်တာဘာမှမပြောဘူး။ ဘာအခက်အခဲရှိလို့လဲ အချက်အလက် မစုံလို့လား။ ဘာကြောင့် ကြာနေတာလဲ ဆိုတာကို မေးလို့မရဘူး" ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်သဇင်အေးက အမှုတစ်ခုကို ခရိုင်အဆင့်ထိ လိုက်နိုင်ခဲ့ပြီး တိုင်းအဆင့်သို့ တက်ရောက်ရာတွင် တရားလွှတ်တော်လိုင်စင် မရှိသည့်အတွက် အမှုသည်က နောက်ထပ် တရားလွှတ်တော်ရှေ့နေတစ်ဦးကို ထပ်ငှားရသည့် အဖြစ်မျိုး ကြုံခဲ့ဖူးကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့ အိတ်ထဲက စိုက်ထုတ်ပေးရတာလည်း မဟုတ်ဘူး၊ အမျိုးမျိုး ကြန့်ကြာမှုတွေနဲ့ တရားရေးက ပြောင်းလဲမှု မမြင်ရသေးတဲ့ကာလ”ဟု ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောဆိုလိုက်သည်။ အစိုးရသစ်လက်ထက်တွင် အပြောင်းအလဲကို စတင်ရမည်ဖြစ်သော်လည်း မဖြစ်သေးသည့်အတွက် လွှတ်တော်တွင် အကျယ်တဝင့် မေးခွန်မေး၍ ဖြေရှင်းပေးစေချင်သည်ဟု ၎င်းကပြောသည်။

တရားလွှတ်တော် ရှေ့နေ လိုင်စင်လျှောက်ထားရတွင် ရှေ့ေ နတစ်ယောက်အနေဖြင့် ယခင်အမှုလိုက်ခဲ့သည့် မြို့နယ်နှင့်ခရိုင်များရှိတရားရုံး ခုနှစ်ခုတွင် အမှုလိုက်ခဲ့ကြောင်းကို တရားသူကြီး၏ ထောက်ခံချက်များ လိုအပ်သည်။ ထို့အပြင် လိုင်စင်လျှောက်ထားရာတွင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်များ နှင့် တရားလွှတ်တော်ရှေ့နေ နှစ်ဦး၏ ထောက်ခံချက်များအပါအဝင် မိမိအမှုလိုက်မည့် ခရိုင်များရှိ တရားရုံးများမှ တရားသူကြီး ၏ လက်မှတ် အပါအဝင် ရှေ့နေလိုက် ခွင့်ပြုသည့် ထောက်ခံချက်များလိုအပ်သည်ဟု ၎င်းကပြောသည်။ အလုပ်သင်ရှေ့နေ လုပ်သက် ၁နှစ်ရှိလျှင် အထက်တန်းရှေ့နေ အဖြစ်လည်းကောင်း၊ အထက်တန်းရှေ့နေ တွင် ၃နှစ်တာ  သက်တန်းရှိမှသာ တရားလွှတ်တော်ရှေ့နေလိုင်စင်ကို လျှောက်ထားနိုင်သည်ဟု ကန့်သတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly