ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည်
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ချင်းမိုင်၊ ဇွန် ၁၃ ။            ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အား နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မည်ဆိုပါက ကြိုဆိုကြောင်း အစိုးရဘက်မှ ဖိတ်ခေါ်သောစာကို လက်ခံရရှိကြောင်း UNFC က ပြောသည်။

ဇွန်လ ၁၂ ရက် ရက်စွဲဖြင့် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ထံ လိပ်မူ၍ ဖိတ်ခေါ်သည့်စာ ပေးပို့ခဲ့ကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

“UNFC ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာ မယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံ လက်ခံတွေ့ဆုံဖို့ ရှိပါတယ်။ ကြို ဆိုတယ် ဆိုတဲ့ အကြောင်း၊ နောက်ပြီးတော့ ကြိုတင်ပြင်ဆင်ဖို့အတွက် DPN အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးမယ် ဆိုရင်လည်း ကြိုဆိုတယ် ဆိုတဲ့ အကြောင်း ပါတယ်။ ဒီလိုတွေ့ဆုံနိုင်ဖို့အတွက် အဆင်ပြေမယ့်အချိန်ကို သူတို့ ပြန်စဉ်းစားခိုင်း တယ်ပေါ့လေ”ဟု သူက မဇ္ဈိမကို ပြောသည်။

သူက ဆက်လက်ပြီး “ကျနော်တို့ကတော့ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်မှု မတိုင်ခင်မှာ ပထမဦးဆုံး ချင်းမိုင်မှာ တွေ့တုန်း ကျနော်တို့ဘက်က မေးမြန်းထားတဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်လေ။ အဲဒီမေးမြန်းထားတဲ့ အကြောင်း အရင်းတွေကို သူတို့ဘက်က ကျနော်တို့ကို တရားဝင် ပထမဆုံး အရင်ရှင်းလင်းပြန်ကြားဖို့ လိုတယ်လို့ ကျနော်တို့ဘက်က ထင်တယ်။ အဲဒီဟာတွေ ရှင်းလင်းပြန်ကြားဖို့ မရဘဲနဲ့တော့ ရှေ့ဆက်မယ်ဆိုတာကိုတော့ ခုနေအခါမှာ မစဉ်းစားသေးဘူးပေါ့နော်”ဟု သူက ပြောသည်။

ဇွန်လ ၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင် ဆင်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အဖွဲ့ကUNFC မှ နိုင်ငံရေး ဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံရေး မူဘောင် ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ယခုထပ်မံ ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုတွင် DPN မှ မေးမြန်းခဲ့သည့်အချက်များအပေါ် အစိုးရဘက်မှ တရားဝင် ပြန်လည် ရှင်းလင်း စေလိုကြောင်းနှင့် ဖြစ်နိုင်မည်ဆိုပါက ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် DPN တို့ နောက် တစ်ကြိမ် အလွှတ်သဘော ထပ်မံ တွေ့ဆုံဆွေးနွေးလိုကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် အစိုးရထံသို့ ပြန်လည် အကြောင်းပြန်လိုက်သည်ဟု ခူဦးရယ်က ပြော သည်။

DPN ကိုယ်စားလှယ်များ မေးမြန်းထားသည့်အချက်များကို ပြန်လည် ဖြေရှင်းခြင်း မရှိသေးပါက UNFC ဘက်မှ နိုင်ငံရေး မူဘောင် ပြင်ဆင်ရေးကိစ္စအပေါ် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျနော်တို့ NCA နဲ့ ပတ်သက်တာရယ်၊ မူဘောင်ပြင်ဆင်တာနဲ့ ပတ်သက်လို့ ဘယ်လို မူဘောင်အခြေခံ စဉ်းစား ချက်တွေ ပြင်မယ်လို့ ပြောတာလဲ။ UPDJC နဲ့ ပတ်သက်တဲ့မေးခွန်းတွေ၊ ၂၁ ညီလာခံ လုပ်မယ် ဆိုရင် ဘယ်လို အခြေခံနဲ့လုပ်မှာလဲ။ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးမှာလဲ။ နိုင်ငံတော် အတိုင် ပင်ခံကတော့ နိုင်ငံရေးနဲ့ လုံခြုံရေးကိစ ္စဆွေးနွေးမယ်ဆိုတဲ့ သဘောပေါ့နော်။ ဒါက ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ကျနော်တို့ဘက် ညှိနှိုင်းဆွေးနွေးတဲ့ ပုံစံနဲ့ပဲသွားမယ်”ဟု ခူဦးရယ်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အများဆုံး ပါဝင်သော UNFC ကို ၂၁ ရာစုပင်လုံ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒုတိယအကြိမ် ထပ်မံ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly