ဂျာမနီလက်ရွေးစင်အသင်း၏ ဒုတိယနိုင်ပွဲအများဆုံးနည်းပြအဖြစ် ဂျိုအာချင်လို မှတ်တမ်းဝင်

ဂျာမနီလက်ရွေးစင်အသင်း၏ ဒုတိယနိုင်ပွဲအများဆုံးနည်းပြအဖြစ် ဂျိုအာချင်လို မှတ်တမ်းဝင်

ဇွန် ၁၃၊ ပြင်သစ် ။        ။ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းသည် ယူရို ၂၀၁၆ အုပ်စုအဖွင့်ပွဲစဉ်တွင် ယူကရိန်းအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမနီအသင်းအတွက် အနိုင်ဂိုးများကို နောက်ခံလူ မူစတာဖီနှင့် ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါတို့က သွင်းယူပေးခဲ့ကြသည်။

ထိုနိုင်ပွဲသည် ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုအတွက် ၈၈ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး ဂျာမနီဘောလုံးသမိုင်းတွင် ဒုတိယမြောက်နိုင်ပွဲအများဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ပွဲအပြီးတွင် ဂျိုအာချင်လိုက ‘ကျွန်တော်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းခံစစ်က ကောင်းလွန်းနေလို့ ကစားရတာ မလွယ်ကူပါဘူး။ ပွဲအပြီးမှာ အနိုင်ရခဲ့လို့တော့ ကျေနပ်မိပါတယ်။

ပိုလန်ကလည်း နိုင်ထားလို့ သူတို့နဲ့ ပွဲစဉ်က အုပ်စုမှာ ဘယ်နေရာရမလဲဆိုတာ အဆုံးအဖြတ်ဖြစ်လာမှာပါ။ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားများခဲ့ပေမယ့် လက်ရှိ လူစာရင်းကလည်း အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဂျိုအာချင်လိုက အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သော ရှဝိန်းစတိုင်ဂါသည် ဒဏ်ရာများဖြင့် ကာလကြာရှည်ရုန်းကန်နေရသော်လည်း အကောင်းဆုံး ပြန်လည်ကစားနိုင်ပြီဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly