ရန်ကုန်တိုင်းအောင်ချက် ငါးနှစ်အတွင်းအနိမ့်ဆုံးဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် တတိယ အောင်ချက်အများဆုံးချိတ်

ရန်ကုန်တိုင်းအောင်ချက် ငါးနှစ်အတွင်းအနိမ့်ဆုံးဖြစ်သော်လည်း တစ်နိုင်ငံလုံးတွင် တတိယ အောင်ချက်အများဆုံးချိတ်

ရန်ကုန်၊ ဇွန်   ၁၁ ။             ။ ရန်ကုန်တိုင်းအတွင်း ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူမှာ ယခင်နှစ်ထက် ၂၁  ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း တိုင်း နှင့် ပြည်နယ်ထဲတွင် တတိယအဆင့် ရှိသည်ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ လက်ထောက် ညွှန့်ကြားရေးမှူး  ဒေါ်ဆွေဆွေလဲ့က မဇ္ဈိမကိုပြောသည်။

“အရင်နှစ် တိုင်းနဲ့ ပြည်နယ်ထဲမှာ  ၆အဆင့်ရှိတယ်။ အခု တတိယတက်လာတယ်။ အောင်မြင်တဲ့ဦးရေက နည်းသွားတယ်။ ကလေးတွေက သချာၤမှာ နည်းနည်းခက်သွားတယ်ပြောကြတယ်။   ဘောဂဗေဒမှာလည်း ခက်တဲ့အတွက် အဒါကြောင့်လည်း ဖြစ်တယ်”ဟု ၎င်းကပြောသည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၃၆ ဒသမ ၁ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် ၃၃ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည်။

၂၀၁၆ခုနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝန်းအောင်မြင်မှု ရာခိုင်နှုန်း အမြင့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး အောင်ချက် ၃၉ ဒသမ ၃၇ရာခိုင်နှုန်းရှိသည်။ ဒုတိယမှာ မန္တလေးတိုင်းဖြစ်ပြီး   အောင်ချက် ၃၅ ဒသမ ၅၀ ရာခိုင်နှုန်း၊ တတိယဖြစ်သည့် ရန်ကုန်တိုင်းမှာ ၃၃ ဒသမ ၂၅ ရာခိုင်းနှုန်းဖြင့် အောင်မြင်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက်ရာခိုင်နှုန်းသည် ၂၉ဒသမ၉၂ရာခိုင်နှုန်းရှိပြီး ယခင်နှစ် ၂၀၁၅ခုနှစ်အောင်ချက်မှာ ၃၇ ဒသမ ၆၀ရာခိုင်နှုန်း၊ ၂၀၁၄ခုနှစ်အောင်ချက်မှာ ၃၁ဒသမ၆၇ ရာခိုင်နှုန်း၊ ၂၀၁၃ခုနှစ်အောင်ချက်မှာ ၃၄ ဒသမ ၈၉ရာခိုင်နှုန်း၊ ၂၀၁၂ခုနှစ်အောင်ချက်မှာ ၃၄ ဒသမ ၃၇ရာခိုင်နှုန်း အသီးသီးရှိခဲ့ပြီး ယခုနှစ်သည် ငါးနှစ်အတွင်း အောင်ချက် အနိမ့်ဆုံးနှစ်ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၆၃၀,၀၀၀ကျော်၌ အောင်မြင်သူ ၁၉၀,၀၀၀ ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly