ကောလင်းမြို့နယ်တွင် အိမ်ခြေ ၄၀၀၀ ကျော် ရေဝင်ခဲ့

ကောလင်းမြို့နယ်တွင် အိမ်ခြေ ၄၀၀၀ ကျော် ရေဝင်ခဲ့
(ဓါတ်ပုံ-ကောလင်းသူကောလင်းသားများ ဖေ့စ်ဘုတ်)

မုံရွာ၊ ဇွန် ၁၀  ။           ။ ဒေါင်းမြူချောင်းရေမြင့်တက်မှုကြောင့် ကောလင်းမြို့နယ်ရှိ အိမ်ခြေ ၄၀၀၀ ကျော် ရေဝင်ရောက်ခဲ့ပြီး ဇွန် ၁၀ ရက် နံနက်ပိုင်းက ရေပြန်ကျသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဇွန် ၈ ရက် ညပိုင်းမှစတင်ကာ ရေဝင်ရောက်ခဲ့ပြီး ဇွန် ၉ ရက်တစ်ရက်လုံး ရေဝင်ရောက်မှုကို ခံစားခဲ့ရကြောင်း သိရသည်။

"ကောလင်းတစ်မြို့လုံးမှာ လူနေအိမ် (၅၀၀၀)ခန့်ပဲရှိမယ်။ ခုရေဝင်တာက အိမ်ခြေ (၄၃၀၀)ကျော်ပေါ့။ ဘေးလွတ်ရာတွေပြောင်းရွှေ့နေရလောက်အောင်ထိတော့ မဖြစ်ခဲ့ဘူး။ အိမ်အောက်ကိုရေဝင်တယ်။ အပေါ်ထပ်တက်နေကြရတယ်။ ဒီလောက်ပဲ ဖြစ်တာ။ ဒီမနက်မှာ ရေပြန်ကျသွားပြီ။" ကောလင်းဒေသခံ ကိုအောင်မျိုးက ပြောသည်။

ယခုရေပြန်ကျသွားခဲ့သည့်အတွက် သန့်ရှင်းရေးများဆောင်ရွက်နေရကြောင်း၊ ရေတွင်းရေကန်များတွင်ရေဝင်ရောက်ခဲ့မှု ကြောင့် ပြန်လည်နှုံးဆယ်ခြင်း များပြုလုပ်ရ မည်ဖြစ်ကြောင်း ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့် မှပြောသည်။

"ရေပြန်ကျသွားလို့ ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် ဒီမနက်မှာအစည်းအဝေး လုပ်နေကြပါတယ်။ ရေကဝင်နေကြဆိုတော့ ဒေသခံတွေကလည်း သတိနဲ့နေကြတယ်။ အိမ်အမြင့်တွေဆိုတော့ ကြီးကြီးမားမားဆုံးရှုံး မှုတော့မရှိခဲ့ပါဘူး။" ဟု ၎င်းက ဆက်ပြောသည်။

ယခုရေဝင်ရောက်ခဲ့မှုမှာ ခန့်မှန်းခြေ ၄ ပေ နှင့်အထက် ၅ ပေခန့်အထိ ရှိပြီး ပုံမှန်ရေဝင် ရောက်ခဲ့မှုသာဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကောလင်းမြို့နယ်နှင့် ဝန်သိုမြို့နယ်တို့တွင် ဇွန် ၈ ရက်ညပိုင်းကရေဝင်ရောက်ခဲ့ပြီး ဝန်သိုမြို့နယ်တွင် လူနှစ်ဦးမျောပါသေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly