၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်အစည်းအဝေး ကျင်းပနေ

၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်အစည်းအဝေး ကျင်းပနေ
ဓာတ်ပုံ-Hla Maung Shwe facebook

အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ဇွန်လ ၉ ရက်က ရန်ကုန်မြို့တွင် ကျင်းပနေသည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁) ညှိနှိုင်း အစည်းအဝေးတွင် အစိုးရဘက်မှ ဆပ်ကော်မတီ(၁) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်များ နှင့် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ဆွေးနွေးနေကာ ရန်ကုန်မြို့ အမှတ် ၁၁ ရွှေလီလမ်း NRPC ရုံးတွင် ဇွန်လ ၉ ရက်က စတင်ကျင်းပနေခြင်း ဖြစ်သည်။

 

၂၁ ရာစု ပင်လုံ ညီလာခံ မကျင်းပမီ NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံရေးဆိုင်ရာမူဘောင် (Framework for political dialogue)အား ပြန်လည် သုံးသပ်မည့် အစည်းအဝေး ကျင်းပရန်အတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်ဟု ဦးလှမောင်ရွှေက ပြောသည်။

 

“အဓိကတော့ Framework review ကို ဒီလကုန် သို့မဟုတ် ဇူလိုင်လဆန်းမှာ လုပ်နိုင်ဖို့ ပြင်ဆင်တာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် လက်မှတ်မထိုးတဲ့ လူတွေကို ဖိတ်ထားတာရှိတယ်။ သူတို့လည်း လာမယ်လို့ ပြောနေတော့ အခုက ကြိုဆင် ပြင်ဆင်တဲ့ အလုပ်လုပ်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

 

NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့သည် ခရီးလွန်နေသဖြင့် ယင်းအစည်းအဝေးသို့ တက်ရောက်လာနိုင်ခြင်း မရှိခဲ့ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

 

ထိုအစည်းအဝေးတွင် ဇွန်လ ၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှုများကို ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် ဦးလှမောင်ရွှေတို့က ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်

 

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) -(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP)တို့က လက်မှတ်ရေးထိုးခဲ့သည်။

 

RCSS အပါအဝင် NCA လက်မှတ်မရေးထိုးသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့များက အစိုးရသစ် ဖိတ်ခေါ် ကျင်းပမည့် ငြိမ်းချမ်းရေး ပင်လုံ ညီလာခံအတွက် ကြိုဆင်ပြင်ဆင်သောအားဖြင့် ပင်လုံဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုကို ဇွန်လ ၇၊ ၈ ရက်များတွင် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly