ရေတိုက်စားမှုကြောင့် ကနေဒါနိုင်ငံရှိ မြို့လယ် လမ်းမကြီး ကျွံကျ

ရေတိုက်စားမှုကြောင့် ကနေဒါနိုင်ငံရှိ မြို့လယ် လမ်းမကြီး ကျွံကျ

ဇွန် ၉ ။               ။ ကနေဒါနိုင်ငံ မြို့တော် အော့တဝါ ရှိ အသွားအလာများသော လေးလမ်းသွား လမ်းမကြီးတစ်ခုတွင် ဇွန်လ ၈ ရက်က မြေကျွံကျမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်းတစ်ရပ်တွင်   ဖော်ပြသည်။ အထက်ပါ လမ်းမကြီး ကျွံကျချိန်တွင် ထိခိုက်၏ဒဏ်ရာရသူ မရှိခဲ့ဘဲ အနီးအနားရှိ ဟိုတယ်၊ ကွန်ဗင်းရှင်း စင်တာ နှင့် ဈေးဝယ်စင်တာတို့မှ လူများကို ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းပေးထားရသည်။

လမ်းမကြီး ကျွံကျချိန် မြေပြင်တွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်သွားချိန်တွင် လမ်းမဘေးတွင် ပါကင်ထိုးထားသော ကားတစ်စီးနှင့် ဓါတ်မီးတိုင်တစ်ခုပါသွားသည်ဟု သိရသည်။

ယခုကဲ့သို့ မြေကျွံကျရခြင်းမှာ ရေတိုက်စားခြင်းကြောင့် ဖြစ်သည်ဟု အာဏာပိုင်များ ကောက်ချက်ချထားခဲ့သည်။ သို့သော်လည်း ယင်းဧရိယာတွင် မြေအောက် ရထားလမ်းစီမံကိန်းတစ်ခု တည်ဆောက်နေခြင်းကြောင့် ယင်းနှင့်လည်း သက်ဆိုင်နေနိုင်သည်ဟု လူတစ်ချို့က ခန့်မှန်းပြောဆိုနေကြသည်။

ယခု လမ်းကျွံကျသည့်နေရာသည် ကနေဒါ ပါလီမန်အဆောက်အအုံနှင့် နှစ်ဘလော့ သာ  ကွာဝေးပြီး ယခုဖြစ်စဉ်ကြောင့် သီတင်းပတ်အတွင်း ယာဉ်အသွားအလာပိုင်းတွင် ထိခိုက်နိုင်မည်ဟု ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly