ပါကစ္စတန်တွင် မိန်းကလေးငယ်တစ်ဦးကို မိခင်နှင့် အကိုဖြစ်သူတို့က မီးရှို့သတ်

ပါကစ္စတန်တွင် မိန်းကလေးငယ်တစ်ဦးကို မိခင်နှင့် အကိုဖြစ်သူတို့က မီးရှို့သတ်

ဇွန် ၉ ။              ။ ပါကစ္စတန် နိုင်ငံတွင် မိန်းကလေးငယ်တစ်ဦးကို သူမ၏ မိခင်ရင်း နှင့် အကိုဖြစ်သူတို့က မီးရှို့သတ်ဖြတ်လိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မိသားစုက သဘောမတူသည့် အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရဲများက ပြောသည်။

အသက် ၁၈ နှစ်အရွယ် ဇီးနက် ရက်ဖစ် ဆိုသူ မိန်းကလေးသည် မိဘများ သဘောမတူသော သူမ၏ ချစ်သူနှင့် ခိုးရာလိုက်ပြေးသွားခဲ့ကာ လက်ထပ်ပေါင်းသင်းခဲ့သည်။ ယင်းနောက်ပိုင်း ၎င်းတို့ကိစ္စတွင် နှစ်ဘက်မိဘများ ပြန်လည် ညှိနှိုင်းကာ ပြေလည်သွားလိမ့်မည်အထင်ဖြင့် ဇီးနက်မှာ လာဟိုးမြို့ရှိ သူမ၏ မိသားစုနေအိမ်သို့ ပြန်လာခဲ့သည်ဟု ရဲများက ပြောသည်။

သို့သော် အိမ်ပြန်ရောက်လာချိန်တွင် ဇီးနက်၏ အထင်မှာ တက်တက်စင်အောင်လွဲသွားခဲ့ပြီး သူမ၏ မိခင် နှင့် အကိုဖြစ်သူတို့က သူမကို ကုတင်တစ်ခုပေါ်သို့ အတင်းဆွဲခေါ်သွားကာ ဓါတ်ဆီလောင်း မီးရှို့ခဲ့ကြသည်ဟု ရဲများက ပြောသည်။ ဇီးနက်သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဇီးနက်၏ မိခင်ဖြစ်သူ ပါဗင်း ဘီဘီက သမီးဖြစ်သူကို ယင်းကဲ့သို့သတ်ဖြတ်ပြီးချိန်တွင် ထွက်မပြေးဘဲ အိမ်နီးနားချင်းများကို အော်ဟစ်ဝန်ခံပြောဆိုခဲ့သည်ဟု သိရသည်။ ယင်းနောက် ပါဗင်းသည် သမီးဖြစ်သူကို သတ်ဖြတ်မှုဖြင့် ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ဝန်ခံခဲ့သည်ဟု ဆိုသည်။

ဇီးနက်၏ အကိုဖြစ်သူ အာမာ ရက်ဖစ်မှာတော့ ထွက်ပြေးနေကြောင်း ရဲများက ပြောသည်။ ဇီးနက်၏ ခင်ပွန်းဖြစ်သူကိုတော့ ဆက်သွယ်၍မရရှိသေးကြောင်း ရဲများက ဆိုသည်။

ပါကစ္စတန်နိုင်ငံတွင် ယမန်နှစ်တုန်းကလည်း ယခုကဲ့သို့ ဆွေးမျိူးများ၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီးဦးရေ ၁,၁၀၀ ဝန်းကျင်သေဆုံးထားခဲ့ရသည်ဟု လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly