အကျိုးစီးပွားများနှင့် ကျွန်ုုပ်တိုု့ လူမှုအဖွဲ့အစည်း

အကျိုးစီးပွားများနှင့် ကျွန်ုုပ်တိုု့ လူမှုအဖွဲ့အစည်း

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ထိုမှတဆင့် ရပ်ရွာ၊ မြို့နယ်၊ တိုင်းနှင့် ပြည်နယ် နောက်ဆုံး နိုင်ငံတော် အဆင့်အထိ အကျိုးစီးပွား များ အသီးသီး ရှိကြပေသည်။ အကျိုးစီးပွားများအတွက် လုပ်ဆောင်နေကြ သည်ဟု ဆိုလျှင်မှားမည် မထင်ပေ။

လူတစ်ဦးချင်းသည် မိမိဘဝ ကောင်းရာ ကောင်းကြောင်း ကြိုးစားကြ ရာတွင် မိမိအကျိုးစီးပွားရရေးအတွက် အာရုံစိုက်ကြရသည်။
အလားတူ အသင်းအပင်း ဖွဲ့စည်းဆောင်ရွက်ကြရာတွင်လည်း အသင်းအပင်း၏ ရည်ရွယ်ချက် အောင်မြင်ပေါက်မြောက်ရေး အကျိုးစီးပွားအတွက် လုပ်ဆောင်ကြရသည်။

တဖန် နိုင်ငံရေးပါတီ၊ စီးပွားရေး ကုမ္ပဏီတို့သည်လည်း မိမိတို့ ပါတီ၊ မိမိတို့ ကုမ္ပဏီအကျိုးစီးပွားအလို့ငှာ ရည်ရွယ်ချက် အမျိုးမျိုးကို နည်းလမ်း အသွယ်သွယ် သုံးကာ လုပ်ဆောင်နေကြသည်။ အမြင့်ဆုံးဆိုရလျှင် နိုင်ငံအုပ်ချုပ်သည့် အစိုးရသည်လည်း ၎င်းတို့ အစိုးရအဖွဲ့၏ အကျိုးစီးပွားအလို့ငှာ လုပ်ဆောင်ကြပေသည်။

ဤနေရာတွင် ပြောချင်သည်မှာ အကျိုးစီးပွားအတွက် ရည်ရွယ်၍ လုပ်ဆောင်သည့် အချက်ကို မဖြစ်သင့် မလုပ်သင့်ဟု ဆိုလိုခြင်း မဟုတ်ဘဲ မည်သည့်အကျိုးစီးပွားက ပိုမိုဦးစားပေးသင့်သလဲ ဆိုသည့် အချက်ကို ဇောင်းပေးပြောဆိုလိုခြင်းသာ ဖြစ်ပေသည်။

ဥပမာအားဖြင့် မိမိဘဝ ကောင်းမွန်ရာ ကောင်းမွန်ကြောင်း လုပ်ဆောင်ရာတွင် အခြားသူများ၏ အကျိုးစီးပွားကို မထိခိုက်စေရန် ဂရုပြုခြင်း၊ အများအကျိုးစီးပွား ထိခိုက်ပြီးမှ မိမိအကျိုးစီးပွား အောင်မြင်ခြင်း မျိုး မဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ခြင်းပင်ဖြစ် သည်။

မိမိအကျိုးစီးပွားကိုဦးစားပေးခြင်းသည် မကောင်းသည့် ကိစ္စမဟုတ်သော်လည်း အများအကျိုးစီးပွားကို မထိခိုက်စေဖို့ သတိပြုဖို့ လိုအပ်ပေသည်။

အလားတူအသင်းအဖွဲ့၊ နိုင်ငံရေးပါတီလို အဖွဲ့အစည်းမျိုးသည်လည်း မိမိအသင်းအပင်း၊ မိမိပါတီ အကျိုးစီးပွားသည် အခြားသော အများနှင့်သက်ဆိုင်သည့် အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည့်အခါမျိုးတွင် အသင်းအပင်း၊သို့မဟုတ် ပါတီအကျိုးကို ဦးစားပေးမည် လား အများအကျိုးကို ဦးစားပေးမည်လား ဆိုသည့် မေးခွန်းပေါ်ထွက်လာမည်ဖြစ်သည်။

ယခုလို နိဒါန်းပျိုးနေရသည်မှာ မည်သည့်အကြောင်းကို ရည်ရွယ်ပြောဆိုလိုသနည်းဟု စာဖတ်သူက  မေးခွန်း ထုတ်ကောင်း ထုတ်လိုပေမည်။

ရည်ရွယ်လိုသည့် ကိစ္စမှာ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်သည့် ကိစ္စပင် ဖြစ် သည်။

လွှတ်တော်တွင် မဲအများစု ရရှိသော်လည်း လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း ကို ခွဲတမ်းအရ ရရှိထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို မရရှိပါက ပြင်ဆင်နိုင်ခွင့် မရှိသည့်အဖြစ်ပင် ဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင် ဗီတိုအာဏာ သဘောသက်ရောက်နေခြင်းပင် ဖြစ်သည်။

၇၅ ရာခိုင်နှုန်းက ပြင်ဆင်လိုသည့်တိုင် ၂၅ ရာခိုင်နှုန်းက သဘောမတူပါက ပြင်၍မရနိုင်သည့် အဖြစ် ရောက်အောင် ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲစဉ် ကတည်းက ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်ပေလိမ့်မည်။

သို့သော် အများအကျိုးစီးပွားအတွက် ရည်ရွယ်ကာ ၂၅ ရာခိုင်နှုန်းက မိမိတို့အဖွဲ့အစည်း အကျိုးကို ဦးစားမပေးဘဲ လိုက်လျောခြင်း၊ သဘောတူခြင်းဖြင့် အများအကျိုး လိုလားကြောင်း ပြသဖို့ လိုအပ်နေပေ သည်။

သို့သော် လက်တွေ့တွင် ထိုသို့ဖြစ်လာခဲ့ခြင်း မရှိပေ။ ထို့အတွက်ကြောင့် အများစု အကျိုးစီးပွားထက် မိမိအဖွဲ့အစည်း အကျိုးစီးပွားကိုသာ ဦးစားပေးရွေးချယ်ခဲ့သည်ဟု ဆိုရတော့မည် ဖြစ်သည်။

ယခုဖြစ်ရပ်က မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မည်မျှနှောင့်နှေး သွားစေမည်လဲ၊ လူအများစု၏ လူမှု၊ စီးပွားဘဝများ မည်မျှထိ ထိခိုက်စေမည်လဲဆိုသည်က သမိုင်းက မှတ်တမ်းတင်ပေ လိမ့်မည်ဟုသာ ဆိုရမည် ဖြစ်သည်။