ရုရှ နှင့် တင်းမာမှုများ မြင့်တက်နေချိန် နေတိုးတပ်ဖွဲ့၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ပိုလန်တွင် လုပ်ဆောင်မည်

ရုရှ နှင့် တင်းမာမှုများ မြင့်တက်နေချိန် နေတိုးတပ်ဖွဲ့၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ပိုလန်တွင် လုပ်ဆောင်မည်

ဇွန် ၇ ။            ။ နေတိုးအဖွဲ့ဝင် နိုင်ငံများ ပါဝင်သော အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးကို ပြုလုပ်သွားရန် ရှိကြောင်း ပိုလန် အစိုးရက ဇွန်လ ၆ ရက်တွင် ပြောကြားလိုက်သည်။ စစ်အေးကာလလွန်ကတည်းက ရုရှ နှင့် အနောက်အုပ်စုတို့အကြား လိပ်ခဲတည်းလည်း အခြေအနေများ ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ နေတိုးအုပ်စု၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယခု စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး စွမ်းအားများကို စစ်ဆေးရန် ဖြစ်ကြောင်း ပိုလန် ကာကွယ်ရေး ဝန်ကြီး အန်တိုနီ မာဆီအာဝစ်ဇ်က ပြောသွားသည်။

နေတိုးအဖွဲ့ဝင် နိုင်ငံ ၂၄ နိုင်ငံမှ တပ်ဖွဲ့ဝင် ၃၁,၀၀၀ကျော် နှင့် အတူအဆိုပါအုပ်စု၏ မိတ်ဖက်နိုင်ငံတစ်ချို့လည်း ယခု စစ်ရေးလေ့ကျင့်မှုကြီးတွင် ပါဝင်ကြမည်ဖြစ်ကာ ယင်းသည် သီတင်းပတ်နှစ်ပတ်ကြာ ကြာမြင့်မည်ဖြစ်သည်။

ယခုစစ်ရေးလေ့ကျင့်မှုများကို ပိုလန်နိုင်ငံ ဝါဆောတွင် ကျင်းပမည့် နေတိုးအုပ်စု၏ ထိပ်သီးစည်းဝေးပွဲမတိုင်မီ တစ်လကြိုတင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ အလားတူ ၂၀၁၄ ခုနှစ်က ရုရှက ယူကရိန်းရှိ ခရိုင်းမီးယားခွဲထွက်ရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခဲ့ပြီးကတည်းက နေတိုးအုပ်စုက ဥရောပအရှေ့ခြမ်း နိုင်ငံများတွင် တပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြင့်ချထားပေးခဲ့ပြီဖြစ်သည်။

ယူကရိန်းအရေးတွင် ရုရှ ဝင်ရောက်စွက်ဖက်ခဲ့ပြီးကတည်းက နေတိုးအုပ်စုသည် မော်စကိုနှင့် စစ်ရေးပူးပေါင်းလေ့ကျင့်မှုများကိုလည်း ဖြတ်တောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly